ဒေါ်နယ်ထရမ့်က မာဒူရိုနှင့်ပြောဆိုဆွေးနွေးရန် အသင့်ရှိဟု ဆို

News Image

  • ဒေါ်နယ်ထရမ့်က မာဒူရိုနှင့်ပြောဆိုဆွေးနွေးရန် အသင့်ရှိဟု ဆို

ဒေါ်နယ်ထရမ့်သည် ဗင်နီဇွဲလား သမ္မတ နီကိုလက်စ် မာဒူရိုအား အကြမ်းဖက် အဖွဲ့အစည်း၏ ခေါင်းဆောင်အဖြစ်သတ်မှတ်ရန် ဝါရှင်တန် ၏ လုပ်ဆောင်မှုများ ရှိနေသော်လည်း တိုက်ရိုက်စကားပြောဆိုရန် စီစဉ် နေကြောင်း အုပ်ချုပ်ရေးအရာရှိများကို ကိုးကား၍ အင်္ဂါနေ့ (နိုဝင်ဘာ ၂၅) တွင် Axios မှ ဖော်ပြခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် ဗင်နီဇွဲလား၏ လုံခြုံရေးဝန်ဆောင်မှုများအတွင်း လည်ပတ်နေသည်ဟုယူဆရသော ရာဇဝတ်ကွန်ရက်တစ်ခု ဖြစ်သည့် ‘Cartel of the Suns’ အား ပြည်ပအကြမ်းဖက် အဖွဲ့အစည်း အဖြစ် တရားဝင်သတ်မှတ်ခဲ့ပြီး ၎င်းကို အယ်လ်ခိုင်ဒါနှင့် IS တို့ကဲ့သို့ တန်းတူ ထားရှိခဲ့သည်။ တနင်္လာနေ့ (နိုဝင်ဘာ ၂၄) တွင် အဆိုပါ လုပ်ဆောင်ချက်ကို ကြေညာစဉ် အမေရိကန် ဘဏ္ဍာရေးဌာနက မာဒူရို သည် အဆိုပါအဖွဲ့ကိုဦးဆောင်နေကြောင်း နှစ်ရှည်လများ စွပ်စွဲချက် များကို ထပ်လောင်းပြောဆိုခဲ့သည်။

Axios ၏ အဆိုအရ ထရမ့်၏ အဆိုပါလုပ်ဆောင်ချက်သည် ဗင်နီဇွဲလား အပေါ် ၎င်း၏သံတမန်ဆက်ဆံရေးတွင် ထူးခြားသော အလှည့်အပြောင်း ကို ပြသနေပြီး အမေရိကန်၏ ပစ်ခတ်တိုက်ခိုက်မှုများ သို့မဟုတ် မြေပြင် စစ်ဆင်ရေးများသည် မကြာမီကာလအတွင်း ဖြစ်လာနိုင်ဖွယ်မရှိကြောင်း ညွှန်ပြနေသည်ဟု သိရှိရသည်။

"မည်သူကမျှ ယခုချိန်မှာ ၎င်းကို ဝင်ပြီးတိုက်ခိုက်ရန် သို့မဟုတ် ဖမ်းဆီးရန် စီစဉ်နေခြင်းမျိုး မရှိပါ။ သို့ပေသည့် မည်သည့်အခါမျှ မလုပ်တော့ပါ ဟု မပြောလိုသော်လည်း လတ်တလော စီမံကိန်းက ထိုအစီအစဉ် မဟုတ်ပါ" ဟု အမည်မဖော်လိုသူ အရာရှိတစ်ဦးက Axios သို့ ပြောကြားခဲ့သည်။

"တစ်ချိန်တည်းမှာပင် မိမိတို့ မူးယစ်ဆေးဝါးတင်ပို့သည့် လှေတွေကို ဖောက်ခွဲဖျက်ဆီးမှာပါ ၊ မူးယစ်ဆေးဝါးမှောင်ခိုကူးခြင်းကို ရပ်တန့်သွား အောင် လုပ်ဆောင်မှာပါ" ဟု အဆိုပါ အရာရှိက ထပ်လောင်း ပြောဆို ခဲ့သည်ဟု သတင်းရရှိသည်။

ထရမ့်နှင့် မာဒူရိုတို့အကြား ဖုန်းပြောဆိုနိုင်ရေးအတွက် ရက်ချိန်း သတ်မှတ် ထားခြင်း မရှိသေးဘဲ ၎င်းမှာ "စီစဉ်နေဆဲ အဆင့်" တွင် ရှိနေ သေးကြောင်း အခြားသောအမေရိကန်အရာရှိတစ်ဦးကို ကိုးကား၍ Axios က ဖော်ပြ ခဲ့သည်။

အဆိုပါလုပ်ဆောင်ချက်သည် ဗင်နီဇွဲလား ကမ်းရိုးတန်းအနီးရှိ စက်လှေငယ် များအား အမေရိကန်က လေကြောင်းမှ တိုက်ခိုက်မှု နှစ်လနီးပါး ကြာပြီး နောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ပင်တဂွန်က ၎င်းလုပ်ဆောင်ချက် များသည် "မူးယစ်ဆေးဝါး အကြမ်းဖက်မှု" ကို ပစ်မှတ်ထားခြင်းဖြစ်ပြီး လူ ၈၀ ခန့် သေဆုံးခဲ့သည်ဟု ပြောကြားသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂