ဂျပန်တွင် မဂ္ဂနီကျုဒ် ၇.၅ ရှိ ငလျင်လှုပ်ခတ်ပြီးနောက် မဟာ ငလျင်ကြီးဆိုင်ရာ သတိပေးချက် ထုတ်ပြန်
မြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသများတွင် မဟာငလျင်ကြီး လှုပ်ခတ် နိုင်ခြေရှိသည့်အတွက် ဒေသခံများအနေဖြင့် သတိပြု၍ နေထိုင်ကြရန် အာဏာပိုင်များက သတိပေးထားသည်။ တနင်္လာနေ့ (ဒီဇင်ဘာ ၈) ညက ဂျပန်မြောက်ပိုင်းတွင် ပြင်းအား ၇.၅ ရှိငလျင် လှုပ်ခတ်ပြီးနောက် အဆိုပါသတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
တနင်္လာနေ့ ည ၁၁ နာရီ ၁၅ မိနစ်က Aomori ခရိုင်အရှေ့ဘက် ကမ်းလွန်တွင် ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ဆူနာမီသတိပေးချက်ကို ထုတ်ပြန်ခဲ့ရသည်။ သို့သော် နောက်ပိုင်းတွင် ထိုသတိပေးချက်ကို ရုပ်သိမ်းခဲ့သည်။
အင်္ဂါနေ့ (ဒီဇင်ဘာ ၉) နံနက်အထိ ခရိုင် ၃ ခုတွင် လူ ၃၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း အရာရှိများက ပြောကြားခဲ့သည်။ အပြင်းထန်ဆုံး လှုပ်ခတ်မှု များကြောင့် Hachinohe မြို့ရှိ အဆောက်အဦအချို့ ပျက်စီးခဲ့သည်။ Hokkaido ၊ Aomori နှင့် Iwate ခရိုင်များတွင် တိမ်းရှောင်ခိုလှုံသူ ၃၀ ကျော်ရှိကြောင်း အာဏာပိုင်များက ဖော်ပြခဲ့သည်။
ဂျပန်မိုးလေဝသအေဂျင်စီက မဟာငလျင်ကြီး ထပ်မံလှုပ်ခတ်နိုင်သည် ဟု ခန့်မှန်းထားပြီး Hokkaido ခရိုင်မှ Chiba ခရိုင်အထိ ဒေသခံများအား လာမည့်သီတင်းပတ်အတွင်း ဆက်လက်သတိထားနေထိုင်ကြရန် အေဂျင်စီ က တိုက်တွန်းထားသည်။ အေဂျင်စီမှ အရာရှိတစ်ဦးက "အဆိုးဆုံး အခြေအနေအဖြစ် ၂၀၁၁ ခုနှစ်က ငလျင်နှင့် ဆင်တူသော အနေအထား မျိုး ရောက်သွားနိုင်သည်" ဟု ပြောကြားခဲ့ပြီး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် လိုအပ်ကြောင်း ထောက်ပြခဲ့သည်။
Tohoku တက္ကသိုလ်မှ ပါမောက္ခ Imamura Fumihiko က "ဒေသခံ များ အနေဖြင့် နေ့စဉ် ပုံမှန်နေထိုင်ဖြတ်သန်းစဉ် အရေးပေါ် အခြေအနေ အတွက် အဆင်သင့်ပြင်ဆင်ထားသင့်သည်" ဟု အကြံပြုထားသည်။
ကိုးကား- NHK
