ထိုင်း ပါလီမန်ဖျက်သိမ်းခြင်းသည် နယ်စပ်စစ်ဆင်ရေးများကို သက်ရောက်မှု ရှိမည်မဟုတ်ဟု ဆို
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အခြေအနေဆိုင်ရာ ပူးတွဲ သတင်း ပြန်ကြားရေး စင်တာမှ ပါလီမန် (အောက်လွှတ်တော်) ဖျက်သိမ်းလိုက်သော်လည်း အစိုးရအနေဖြင့် နိုင်ငံတော်လုံခြုံရေးကို ထိန်းသိမ်းရန်နှင့် ထိုင်းပြည်သူ များအား ဆက်လက်ကာကွယ်ပေးရန်အတွက် ဥပဒေအရ အပြည့်အဝ အခွင့်အာဏာရှိသော အိမ်စောင့်အစိုးရအဖြစ် ဆက်လက် လုပ်ဆောင် နေကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
စင်တာ၏ ညွှန်ကြားရေးမှူးဖြစ်သူ လေတပ်အကြီးအကဲ Prapas Sonchaidee က ပါလီမန်ကို ကြာသပတေးနေ့ (ဒီဇင်ဘာ ၁၁) တွင် ဖျက်သိမ်းခဲ့သော်လည်း အစိုးရသည် အိမ်စောင့်အစိုးရ၏ လုပ်ပိုင်ခွင့်ကို ဆက်လက်ထိန်းသိမ်းထားပြီး လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်း ရန် ဥပဒေအရ အာဏာရှိကြောင်း သောကြာနေ့ (ဒီဇင်ဘာ ၁၂) တွင် ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားဘက်မှ ကျူးကျော်မှုများနှင့် ထိုင်းနိုင်ငံအတွင်းရှိ နေရာ အချို့ကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် နယ်စပ်တင်းမာမှုများ မြင့်တက်လာခဲ့သည်။ ထိုင်းလက်နက်ကိုင်တပ်ဖွဲ့များသည် အရပ်သား အသက်အန္တရာယ် ခြိမ်းခြောက်မှုများကို ရပ်တန့်ရန်နှင့် နိုင်ငံတော် အချုပ်အခြာအာဏာကို ထိန်းသိမ်းရန်အတွက် လိုအပ်သည့် အကျဉ်းဆုံး နှင့် အနည်းဆုံး အတိုင်းအတာအတွင်းသာ ထိုင်းနှင့် နိုင်ငံတကာ ဥပဒေအရ မိမိကိုယ်ကို ခုခံကာကွယ်ခွင့်ကို ကျင့်သုံးခဲ့ကြောင်း လေတပ် အကြီးအကဲ Prapas က သောကြာနေ့ (ဒီဇင်ဘာ ၁၂) တွင် ထုတ်ပြန် သည့် ကြေညာချက်၌ ဖော်ပြခဲ့သည်။
အစိုးရနှင့် လက်နက်ကိုင်တပ်ဖွဲ့များသည် အမိန့်များထုတ်ပြန်ရန်နှင့် စစ်ဆင်ရေးများ လုပ်ဆောင်ရန်အတွက် ဥပဒေအရ အပြည့်အဝ အခွင့် အာဏာကို ဆက်လက်ထိန်းသိမ်းထားသည် ဟု အခိုင်အမာ ပြောကြား ခဲ့သည်။နယ်စပ်ဒေသများရှိ စစ်အုပ်ချုပ်ရေးသည် ထိုင်းလုံခြုံရေး ဥပဒေ များအရ ဆက်လက်အသက်ဝင်နေဆဲဖြစ်သည်ဟု ဆိုသည်။ ပူးတွဲ သတင်းပြန်ကြားရေးစင်တာ (Joint Press Centre) မှ အများပြည်သူသို့ မှန်ကန်သော သတင်းအချက်အလက်များ ရရှိစေရန်အတွက် အခြေအနေ များကို ပွင့်လင်းမြင်သာစွာ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေး သွားမည် ဟုလည်း ကတိပြုခဲ့သည်။
လေတပ်အကြီးအကဲ Prapas ၏ ပြောကြားချက်အရ ထိုင်းနိုင်ငံသည် ငြိမ်းချမ်းစွာ ဖြေရှင်းရေးမူကို ဆက်လက်ကိုင်စွဲထားပြီး ကမ္ဘောဒီးယား နှင့် ငြိမ်းချမ်းရေးကို လိုလားကြောင်း သိရှိရသည်။ တစ်ချိန်တည်းမှာပင် ထိုင်းပြည်သူများ၏ ဘေးကင်းလုံခြုံရေးနှင့် လုံခြုံရေးကို အာမခံနိုင်ရန် နိုင်ငံကို ခိုင်မာပြတ်သားစွာနှင့် ဥပဒေနှင့်အညီ ကာကွယ်သွားမည် ဖြစ်သည်ဟု ဆိုသည်။
ပြည်သူလူထုအား နိုင်ငံတော်အေဂျင်စီများမှ ထုတ်ပြန်သော တရားဝင် သတင်းအချက်အလက်များကိုသာ လိုက်နာဆောင်ရွက်ရန် ၊ အန္တရာယ် များနိုင်သည့် နေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်နှင့်လုံခြုံရေးဝန်ထမ်းများအား အန္တရာယ်ဖြစ်စေနိုင်သော ရုပ်ပုံများ သို့မဟုတ် အသေးစိတ်အချက်အလက်များကို မျှဝေခြင်းမှ ရှောင်ကြဉ်ရန် တိုက်တွန်း နှိုးဆော်ထားသည်။
“ထိုင်းပြည်သူများအကြား ပူးပေါင်းဆောင်ရွက်မှု၊ ယုံကြည်မှုနှင့် စည်းလုံး ညီညွတ်မှုတို့ဖြင့် အဆိုပါအခြေအနေကို ကျော်လွှားနိုင်မည်” ဟု လေတပ် အကြီးအကဲ Prapas က ပြောကြားခဲ့ပြီး၊ စင်တာအနေဖြင့် ပုံမှန် သတင်းထုတ်ပြန်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ထပ်လောင်း ပြောကြားခဲ့သည်။
ကိုးကား- Bangkok Post
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
