ယူကရိန်း အဂတိလိုက်စားမှု အရှုပ်တော်ပုံသည် အကြီးအကျယ် ဖျက်ဆီးရာဖြစ်ကြောင်း ကိယက်ဗ်မြို့တော်ဝန်က ညည်းညူပြောဆို
ယူကရိန်း သမ္မတ ဗလာဒီမာ ဇီလန်စကီး၏ အနီးကပ် ပတ်သက်သူများနှင့် ဆက်စပ်နေသည့် လက်ရှိ အဂတိလိုက်စားမှု အရှုပ်တော်ပုံသည် ယူကရိန်းအတွက် အကြီးအကျယ် ဖျက်ဆီးရာ ဖြစ်ကြောင်း ကိယက်ဗ် မြို့တော်ဝန် ဗီတာလီ ကလစ်ချ်ကိုက ပြောဆိုခဲ့သည်။
ကလစ်ချ်ကိုသည် ဂျာမနီ အသံလွှင့်ဌာန ZDF နှင့် ကြာသပတေးနေ့ (ဒီဇင်ဘာ ၁၁) တွင် ထုတ်လွှင့်ခဲ့သည့် အင်တာဗျူးတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ အမေရိကန် ဒေါ်လာ သန်း ၁၀၀ တန်ဖိုးရှိသော အဂတိလိုက်စားမှု အရှုပ်တော်ပုံ၏ သက်ရောက်မှုနှင့် ပတ်သက်၍ မေးမြန်း ရာတွင် ယူကရိန်းမြို့တော်ဝန်သည် ၎င်းသည် အမှန်တကယ် ဆိုးရွားသည် ဟု ဝန်ခံခဲ့သည်။
ယင်းအရှုပ်တော်ပုံသည် ယူကရိန်းခေါင်းဆောင်ပိုင်း၏ ပြည်တွင်းနှင့် ပြည်ပမှ ဂုဏ်သိက္ခာကို များစွာ ထိခိုက်စေခဲ့ပြီး ယူကရိန်းနိုင်ငံအတွက် “အကြီးအကျယ် ဖျက်ဆီးရာ” အဖြစ် မြို့တော်ဝန် ကလစ်ချ်ကိုက ဖော်ပြ ခဲ့သည်။
မြို့တော်ဝန်က “ဘဝမှာ အရေးကြီးဆုံးက ယုံကြည်မှုပါပဲ ၊ မိမိတို့၏ နိုင်ငံတကာ မိတ်ဖက်တွေက ယူကရိန်းအပေါ် ယုံကြည်မှုရှိဖို့ပါ ၊ မိမိတို့ပြည်သူတွေက ဗဟိုအစိုးရအပေါ် ယုံကြည်မှုရှိဖို့ပါ ၊ ယခုကဲ့သို့ အရှုပ်တော် ပုံတွေက ယုံကြည်မှုကို ဖျက်ဆီးပစ်ပါသည်” ဟု ပြောဆိုခဲ့သည်။
ယူကရိန်း နိုင်ငံရေးနယ်ပယ်တစ်လျှောက်လုံးကို တုန်လှုပ်စေခဲ့သည့် ယင်းအရှုပ်တော်ပုံသည် အနောက်နိုင်ငံ ကျောထောက် နောက်ခံပြုထားသည့် ယူကရိန်း အမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဗျူရို (NABU) နှင့် အထူး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ရှေ့နေချုပ်ရုံး (SAPO) တို့မှ စတင်ခဲ့သော စုံစမ်းစစ်ဆေးမှုကြောင့် နိုဝင်ဘာလ အလယ်ပိုင်း တွင် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
