၁၉၉၀ ပြည့်လွန်နှစ်များကတည်းက Epstein ကို တိုင်ကြားခဲ့သူ တစ်ဦး မှန်ကန်ကြောင်း Epstein ဖိုင်တွဲများက သက်သေပြနေသော်လည်း အခြား သူများမှာမူ အဖြေများကို ဆက်လက်ရှာဖွေနေ
သောကြာနေ့ (ဒီဇင်ဘာ ၁၉) တွင် တရားရေးဝန်ကြီးဌာနက Jeffrey Epstein နှင့် ပတ်သက်သော အမှုတွဲမှတ်တမ်းအချို့ကို ထုတ်ပြန်လိုက်ခြင်း သည် Epstein ၏ လက်ချက်မှ လွတ်မြောက်လာသူများဖြစ်ကြသည့် Maria Farmer နှင့် သူမ၏ညီမ Annie တို့အတွက် အောင်ပွဲရလိုက်သည့် အခိုက်အတန့်ပင် ဖြစ်သည်။ Maria သည် ၁၉၉၀ ပြည့်လွန်နှစ်များ ကတည်းက Epstein ကို ပထမဦးဆုံး တိုင်ကြားခဲ့သူများထဲမှ တစ်ဦး ဖြစ်သည်ဟု ၎င်းတို့ညီအစ်မနှစ်ဦးက နှစ်ပေါင်းများစွာ ပြောကြားခဲ့ကြ ခြင်းဖြစ်သည်။
သောကြာနေ့ (ဒီဇင်ဘာ ၁၉) က ထုတ်ပြန်ခဲ့သည့် FBI မှတ်တမ်း တစ်ခု တွင် ၁၉၉၆ ခုနှစ်က Epstein အပေါ် တိုင်ကြားခဲ့သည့် ကလေးသူငယ် ညစ်ညမ်းရုပ်ပုံစာပေဆိုင်ရာ ရာဇဝတ်မှု တိုင်ကြားချက်တစ်ခု ပါဝင် နေသည်။ ထိုမှတ်တမ်းတွင် တိုင်ကြားသူ၏ အမည်ကို ဖုံးကွယ်ထားသော်လည်း Maria Farmer ၏ ရှေ့နေဖြစ်သူ Jennifer Freeman က ၎င်း တိုင်ကြားချက် မှာ သူမ၏ အမှုသည် Maria က အမှန်တကယ် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း CNN သတင်းဌာနသို့ အတည်ပြု ပြောကြားခဲ့သည်။
မှတ်တမ်းပါ 'တိုင်ကြားချက်၏ အချက်အလက်များ' ကဏ္ဍတွင် ဖော်ပြ ထားသည်မှာ မိမိကိုယ်ကိုယ် ပညာရှင်ပန်းချီဆရာ တစ်ဦးအဖြစ် ဖော်ပြ ထားသည့် အမျိုးသမီးတစ်ဦးသည် သူမ၏ အသက်မပြည့်သေးသောညီမများကို သူမ၏ကိုယ်ပိုင်အနုပညာလက်ရာများအတွက် ဓာတ်ပုံ ရိုက်ကူး ခဲ့ကြောင်း ဖော်ပြထားသည်။ အဆိုပါ မှတ်တမ်းတွင် ' Epstein သည် ထို ဓာတ်ပုံများနှင့် ဖလင်လိပ် (Negatives) များကို ခိုးယူခဲ့ပြီး ဝယ်ယူနိုင်ခြေ ရှိ သူများထံသို့ ပြန်လည်ရောင်းချခဲ့သည်ဟု ယူဆရသည်' ဟု ဖော်ပြ ထားသည်။ ထို့အပြင် ' Epstein သည် တစ်ကြိမ်တွင် (အမည် ဖုံးကွယ် ထားသူ) အား ရေကူးကန်များ၌ မိန်းကလေးငယ်များ၏ ဓာတ်ပုံများကို ရိုက်ကူးပေးရန် ခိုင်းစေခဲ့သည်' ဟုလည်း ဆက်လက်ဖော်ပြထားသည်။
၎င်းမှတ်တမ်းတွင်ပင် 'အကယ်၍ ထိုဓာတ်ပုံများအကြောင်း တစ်စုံ တစ်ဦး ကို ပြောပြပါက သူမ၏ အိမ်ကို မီးရှို့ပစ်မည်ဟု Epstein က (အမည် ဖုံးကွယ်ထားသူ) ကို ယခုအခါ ခြိမ်းခြောက်နေသည်' ဟု ပါရှိသည်။ တရားရေး ဝန်ကြီးဌာန (DOJ) က Epstein အမှုတွဲများကို တစ်စိတ်တစ်ပိုင်း ထုတ်ပြန် ခဲ့ပြီး နာရီပိုင်းအကြာတွင် Farmer ရရှိခဲ့သည့် အောင်ပွဲမျိုးသည် အခြားသော Epstein ၏ ကျူးလွန်ခံရသူများအတွက်ပါ ဖြစ်လာနိုင်မလားဆိုသည်မှာ ရှင်းရှင်းလင်းလင်း မရှိသေးပေ။
ကျူးလွန်ခံရသူများနှင့် နီးစပ်သူ အရင်းအမြစ်များစွာက ပြောကြားရာ တွင် ၎င်းတို့ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် အလွဲသုံးစားမှုများနှင့် အမှုအခင်း များအကြောင်း အချက်အလက်များကို ရှာဖွေရန် တရားရေး ဝန်ကြီးဌာန ၏ လူထုအတွက် ဖွင့်လှစ်ထားသော Epstein Library အတွင်း ရှာဖွေ ရာ၌ အခက်အခဲများစွာ ကြုံတွေ့နေရသဖြင့် စိတ်ပျက်အားလျော့ နေကြ သည်ဟု CNN သို့ ပြောကြားခဲ့သည်။ 'Epstein အမှုတွဲများ ပွင့်လင်း မြင်သာမှုရှိစေရေး အက်ဥပဒေ' (Epstein Files Transparency Act) အတည်ပြုပြီးကတည်းက မိမိတို့၏ အတွေ့အကြုံများနှင့် ပတ်သက်သည့် အချက်အလက်များကို ရှာဖွေခွင့်ရရန် ရက်ပေါင်း ၃၀ ကြာ စိုးရိမ်တကြီး စောင့်ဆိုင်းခဲ့ရသည့် အဖွဲ့အစည်းအတွက်မူ ယခုအခြေအနေမှာ စိတ်ပျက် စရာတစ်ခု ဖြစ်ခဲ့သည်။
တရားရေးဝန်ကြီးဌာန (DOJ) ၏ အွန်လိုင်းရှာဖွေရေးစနစ်မှာ အသုံးပြုရ ခက်ခဲလွန်းသဖြင့် ကျူးလွန်ခံရသူများသည် ၎င်းတို့ လွန်ခဲ့သော နှစ်ပေါင်း များစွာက ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို ထောက်ခံပေးမည့်အချက်အလက်များကို ရှာဖွေရာတွင် ကံမကောင်းကြသေးကြောင်း ရင်းမြစ်များက ဆိုသည်။
Epstein ၏ လက်ချက်မှ လွတ်မြောက်လာသူ Jess Michaels သည် သူမ FBI သတင်းပေးတိုင်ကြားစဉ်က ပြောကြားခဲ့သော ထွက်ဆိုချက်များနှင့် ဆက်သွယ်ဆောင်ရွက်မှု မှတ်တမ်းများကို ရှာဖွေရန် နာရီပေါင်းများစွာ အချိန်ပေးခဲ့ရသည်။ "သူမက CNN သို့ ပြောကြားရာတွင် 'ထိုအရာများ တစ်ခုမျှ ရှာမတွေ့ပါ၊ ယင်းက အစိုးရတစ်ရပ်အနေဖြင့် အကောင်းဆုံး လုပ်ဆောင်ပေးနိုင်သည့် အခြေအနေပဲလား ၊ လွှတ်တော်ကနေ အက် ဥပဒေတစ်ခု ပြဋ္ဌာန်းပေးလိုက်ပင်သော်ငြား ကျွန်မတို့အတွက် တရား မျှတမှု မရနိုင်သေးပါလား' ဟု ဆိုသည်။
တရားရေးဝန်ကြီးဌာန (DOJ) ၏ Epstein အမှုတွဲများ ထွက်ပေါ် လာချိန်တွင် Maria Farmer ၏ မူလတိုင်ကြားစာမှာ သူမ အဓိက ရှာဖွေ မည့် အရေးကြီးသော မှတ်တမ်းများထဲမှ တစ်ခုဖြစ်ကြောင်း ရှေ့နေ Freeman က CNN သို့ ယခင်ကတည်းက ပြောကြားခဲ့ဖူးသည်။
သောကြာနေ့ (ဒီဇင်ဘာ ၁၉) ညနေပိုင်းတွင် သူမက ပြောကြားရာ၌ Farmer ၏ တိုင်ကြားချက်အပေါ် အာဏာပိုင်များ၏ တုံ့ပြန် ဆောင်ရွက် ခဲ့မှု၊ မည်သည့်အချိန်တွင် အဘယ်ကြောင့် လုပ်ဆောင်ခဲ့ခြင်း စသည့် အချက်အလက်များအပါအဝင် အဆိုပါအမှုတွဲများထဲမှ နောက်ထပ် သတင်း အချက်အလက်များကို ဆက်လက် ရှာဖွေနေသည်ဟု ဆိုသည်။" Freeman က CNN သို့ ပေးပို့သော အီးမေးလ်တွင် 'ယင်းကို ရပ်တန့်ရန် ၎င်းတို့ မည်သည့်အတွက်ကြောင့် အရေးမယူခဲ့ကြသနည်း' ဟု ရေးသားခဲ့သည်။
တိုင်ကြားချက်နှင့် ပတ်သက်၍ အာဏာပိုင်များက မည်သို့ တုံ့ပြန် ဆောင်ရွက်ခဲ့သည်ဆိုသည်မှာ ရှင်းရှင်းလင်းလင်း မရှိသေးပေ။ ယင်းနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် CNN က FBI ထံ ဆက်သွယ် မေးမြန်း ထားဆဲ ဖြစ်သည်။
၁၉၉၆ ခုနှစ်၊ စက်တင်ဘာလ ၃ ရက် ရက်စွဲတပ်ထားသော အဆိုပါ တိုင်ကြားစာသည် နယူးယောက်နှင့် ဖလော်ရီဒါပြည်နယ်တို့တွင် Epstein ကို ပြည်ထောင်စုနှင့် ပြည်နယ်အဆင့် တရားစွဲဆိုမှုများ မပြုလုပ်မီ နှစ်ပေါင်းများစွာကတည်းက ၎င်းသည် တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်း များ၏ စောင့်ကြည့်မှုအောက်တွင် ရှိနေခဲ့သည်ဟူသော အချက်ကို ပေါ်လွင်စေသည်။
Maria Farmer ၏ ရှေ့နေအဖွဲ့က ထုတ်ပြန်သော ကြေညာချက်တွင် Epstein ကို စွပ်စွဲတိုင်ကြားခဲ့သူ Maria က FBI သည် သူမနှင့် အခြားသော ကျူးလွန်ခံရသူများအပေါ် နှစ်ပေါင်းများစွာကြာအောင် တာဝန်ဝတ္တရား ပျက်ကွက်ခဲ့သည်ဟု ပြောကြားခဲ့သည်။ Maria ၏ညီမဖြစ်သူ Annie ကလည်း သူမ အသက် ၁၆ နှစ်အရွယ်တွင် Epstein နှင့် ၎င်း၏ ကြံရာပါ Ghislaine Maxwell တို့၏ အလွဲသုံးစားပြုခြင်းကို ခံခဲ့ရသည်ဟု ယခင် က ပြောကြားခဲ့ဖူးသည်။
စိတ်လှုပ်ရှားတုန်လှုပ်နေသော Annie Farmer က CNN မှ Jake Tapper နှင့် တွေ့ဆုံမေးမြန်းခန်းတွင် 'ထိုစာရွက်စာတမ်းကို ယခုလို စာသား အတိုင်း မြင်လိုက်ရပြီး ထိုမှတ်တမ်းက ၎င်းတို့ဆီမှာ အစောကြီး ကတည်း က ရှိနေခဲ့သည်ကို သိလိုက်ရသည့်အခါ ထိုနောက်ပိုင်းမှာ လူဘယ်နှယောက် များ ထပ်ပြီး ထိခိုက်နစ်နာခဲ့ရသလဲဆိုသည်ကို တွေးမိပါသည်၊ ကျွန်မတို့ ယင်းကို အကြိမ်ကြိမ် ပြောခဲ့ပြီးသားဆိုသော်လည်း ယခုလိုမျိုး အဖြူ အမည်းနှင့် သက်သေအထောက်အထားကို မြင်လိုက်ရသည်မှာ တကယ်ကို စိတ်မကောင်းဖြစ်ရပါသည်' ဟု ပြောကြားခဲ့သည်။ " Annie Farmer သည် တရားခွင်တွင် Ghislaine Maxwell ၏ လိင်ကုန်ကူးမှုဆိုင်ရာ Epstein ၏ အလွဲသုံးစားပြုမှုများအပေါ် သက်သေထွက်ဆိုခဲ့သည့် စတုတ္ထမြောက် နှင့် နောက်ဆုံးသော ကာယကံရှင်လည်း ဖြစ်သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
