အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ထားသော်လည်း ဟော်မုဇ် ရေလက်ကြားကို ဖြတ်သန်းသွားလာသည့် သင်္ဘောအရေအတွက်မှာ အနည်းငယ်သာရှိ
ဟော်မုဇ်ရေလက်ကြားကို စီးပွားရေးလုပ်ငန်းများအတွက် တရားဝင် ပြန်လည်ဖွင့်လှစ်နေပြီဖြစ်သော်လည်း အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်သည့် မရေရာမှုများကြောင့် ဖြတ်သန်းသွားလာရန် အန္တရာယ်များလွန်းနေသေးကြောင်း သင်္ဘောလိုင်းအမှုဆောင်များနှင့် လေ့လာဆန်းစစ်သူများက ပြောကြားခဲ့သည်။
အီရန်နိုင်ငံထံမှ တိကျသောခွင့်ပြုချက်နှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာအာမခံချက်များ၊ မည်သို့မည်ပုံနှင့် မည်သည့်အချိန်တွင် ဖြတ်သန်းရမည်ဆိုသည့် ရှင်းလင်းသောလမ်းညွှန်ချက်များ၊ ရေလက်ကြား၏ အနာဂတ်အခြေအနေအပေါ် ရေရှည်မျှော်မှန်းချက်များမှာ ယခုအချိန်အထိ လိုအပ်နေဆဲဖြစ်ကြောင်း သင်္ဘောကုမ္ပဏီများက CNN သို့ ပြောကြားခဲ့သည်။
ဟော်မုဇ်ရေလက်ကြား၏ အနာဂတ်အခြေအနေသည် အမေရိကန် ပြည်သူများ၏ နေ့စဉ်ဘဝအပေါ် လက်တွေ့သက်ရောက်မှုများ ရှိနေသည်။ AAA ၏ အဆိုအရ စစ်ပွဲစတင်ကတည်းက ပျမ်းမျှဓာတ်ဆီဈေးနှုန်းသည် ၄၀ ရာခိုင်နှုန်း (တစ်ဂါလန်လျှင် ၁.၁၈ ဒေါ်လာခန့်) မြင့်တက်ခဲ့သည်။ ရေနံများ ပြန်လည်လွတ်လပ်စွာ စီးဆင်းလာနိုင်လျှင်ပင် ဓာတ်ဆီဈေးနှုန်းကို စစ်မဖြစ်မီကရှိခဲ့သည့် တစ်ဂါလန်လျှင် ၃ ဒေါ်လာနှုန်းသို့ ပြန်ရောက်ရန်မှာ ဝေးကွာနေသေးသည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
