Elon Musk က OpenAI စီအီးအိုနှင့် ဥက္ကဋ္ဌတို့ကို ရာထူးမှထုတ်ပယ်ရန် တရားစွဲဆို

News Image

  • Elon Musk က OpenAI စီအီးအိုနှင့် ဥက္ကဋ္ဌတို့ကို ရာထူးမှထုတ်ပယ်ရန် တရားစွဲဆို

နည်းပညာဘီလျံနာ Elon Musk သည် AI ကုမ္ပဏီကြီးဖြစ်သော OpenAI ကို တရားစွဲဆိုထားသည့်အမှု၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် စီအီးအို Sam Altman နှင့် ဥက္ကဋ္ဌ Greg Brockman တို့ကို ရာထူးမှထုတ်ပယ်ရန် ကြိုးပမ်းနေကြောင်း အင်္ဂါနေ့ (ဧပြီ ၈) က တင်သွင်းခဲ့သည့် တရားရုံး မှတ်တမ်းများအရ သိရှိရသည်။

Musk သည် ၂၀၂၄ ခုနှစ်တွင် OpenAI ကို စတင်တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်က ကုမ္ပဏီကို အတူတကွစတင်တည်ထောင်စဉ်က အကျိုး အမြတ်မယူသော အဖွဲ့အစည်းအဖြစ်သာ ဆက်လက်ရပ်တည်မည် ဟူသော နားလည်မှုဖြင့် ၎င်းထည့်ဝင်ခဲ့သည့် ကနဦးရန်ပုံငွေ ဒေါ်လာ ၃၈ သန်းကို လိမ်လည်ရယူခဲ့သည်ဟု စွပ်စွဲထားသည်။ 

လက်ရှိတွင် ဒေါ်လာ ၈၅၂ ဘီလျံ တန်ဖိုးရှိနေသော အဆိုပါ AI ကုမ္ပဏီ သည် ပြီးခဲ့သည့်နှစ်နှောင်းပိုင်းတွင် ဖွဲ့စည်းပုံကို ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ယခုအခါ ၎င်းကို အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခုအဖြစ် လည်ပတ်နေပြီး ChatGPT အပါအဝင် အကျိုးအမြတ်ယူသည့် လုပ်ငန်းခွဲတွင် ရှယ်ယာ ၂၆ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။

နောက်ဆုံးတင်သွင်းထားသော တရားရုံးလျှောက်လဲချက်အရ Musk ၏ ရှေ့နေများက Sam Altman နှင့် Greg Brockman တို့ကို ၎င်းတို့၏ ရာထူး များမှ ဖယ်ရှားရန်နှင့် OpenAI ၏ တရားမဝင်သော အကျိုးအမြတ် ရှာဖွေသည့် လုပ်ငန်းစဉ်များမှတစ်ဆင့် ၎င်းတို့ရယူထားသော ကိုယ်ကျိုးစီးပွား ငွေကြေးအကျိုးအမြတ်များကို ပြန်လည်သိမ်းဆည်းရန် ကြိုးပမ်းနေကြခြင်းဖြစ်သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး