ဂျက်ဖရီအက်ပ်စတိန်းနှင့် ပတ်သက်မှုများအတွက် ဘီလ်ဂိတ် အမေရိကန်လွှတ်တော်တွင် သက်သေထွက်ဆိုမည်
မိုက်ခရိုဆော့ဖ် (Microsoft) ပူးတွဲတည်ထောင်သူ ဘီလ်ဂိတ်သည် ကွယ်လွန်သူ လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူ ဂျက်ဖရီအက်ပ်စတိန်း (Jeffrey Epstein) နှင့် ၎င်း၏ ဆက်ဆံရေးများအကြောင်းကို အမေရိကန် လွှတ်တော်ကော်မတီရှေ့မှောက်၌ လာမည့် ဇွန်လ ၁၀ ရက်နေ့တွင် သက်သေထွက်ဆိုရန် စီစဉ်ထားကြောင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။
ယင်းစုံစမ်းစစ်ဆေးမှုသည် အက်ပ်စတိန်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို သိရှိနိုင်ရန် လွှတ်တော်အမတ်များက မတ်လ အတွင်း တောင်းဆိုခဲ့မှုကို ဘီလ်ဂိတ်က လိုက်နာဆောင်ရွက်ခြင်းဖြစ်ပြီး ၎င်းသည် အဆိုပါအမှုနှင့်ပတ်သက်၍ အောက်လွှတ်တော်ကြီးကြပ်ရေး ကော်မတီတွင် သက်သေထွက်ဆိုမည့် နောက်ဆုံး အထင်ကရ ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့သည်။ ယခင်ကလည်း သမ္မတဟောင်း ဘီလ် ကလင်တန် နှင့် ဇနီးဖြစ်သူ ဟီလာရီကလင်တန်တို့သည် အဆိုပါကော်မတီတွင် ပါဝင် ဖြေရှင်းခဲ့ကြပြီးဖြစ်သည်။
ဘီလ်ဂိတ်၏ ပြောရေးဆိုခွင့်ရှိသူက ဘီလီယံနာသူဌေးကြီးအနေဖြင့် ယခုကဲ့သို့ လွှတ်တော်တွင် ဖြေရှင်းခွင့်ရခြင်းကို ကြိုဆိုကြောင်းနှင့် အက်ပ်စတိန်း၏ တရားမဝင်လုပ်ရပ်များတွင် ပါဝင်ပတ်သက်ခြင်း မရှိသော်လည်း ကော်မတီ၏လုပ်ငန်းစဉ်များကို အထောက်အကူပြုရန် မေးမြန်းသမျှကို ဖြေကြားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သမ္မတ ဒေါ်နယ်ထရမ့် လက်မှတ်ရေးထိုးခဲ့သည့် ဥပဒေသစ်အရ ထုတ်ပြန်ခဲ့သော တရားရေးဌာန၏ စာရွက်စာတမ်းပေါင်း ၃ သန်းကျော်တွင် ဘီလ်ဂိတ်နှင့် အက်ပ်စတိန်းတို့အကြား ဆက်သွယ်မှုများကို အသေးစိတ်ဖော်ပြထားသည်။ ယင်းစာရွက်စာတမ်းအချို့တွင် ဘီလ်ဂိတ်သည် အက်ပ်စတိန်း၏ ကွန်ရက်မှတစ်ဆင့် အမျိုးသမီးများနှင့် ဆက်ဆံမှုများရှိခဲ့ကြောင်း စွပ်စွဲချက်အချို့ ပါဝင်နေသော်လည်း အက်ပ်စတိန်း၏ သားကောင်ဖြစ်ခဲ့ရသူများကမူ ၎င်းကို တရားဝင် စွပ်စွဲ တိုင်တန်းထားခြင်း မရှိပေ။
ဘီလ်ဂိတ်ကမူ အက်ပ်စတိန်းနှင့်တွေ့ဆုံခဲ့ခြင်းမှာ ၎င်း၏ ဖောင်ဒေးရှင်းအတွက် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးစီမံချက်များအတွက် ရန်ပုံငွေ ရှာဖွေရန်သာ ဖြစ်ကြောင်းနှင့် ၎င်းတို့၏တွေ့ဆုံမှုမှာ ညစာစားပွဲများတွင်သာ ကန့်သတ်ထားကြောင်း ငြင်းဆိုထားသည်။ ယခုနှစ် အစောပိုင်းက ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုတွင်လည်း ဘီလ်ဂိတ်က အက်ပ်စတိန်း နှင့်ပတ်သက်ခဲ့မှုမှာ "မိုက်မဲသော အမှားတစ်ခု" ဖြစ်ကြောင်း ဝန်ခံ တောင်းပန်ထားပြီး ယခု ဇွန်လတွင် ပြုလုပ်မည့် လွှတ်တော်၌ မှတ်တမ်းတင်စစ်ဆေးမေးမြန်းမှုသည် ၎င်းတို့၏ ဆက်ဆံရေးအပေါ် ပိုမို ရှင်းလင်း စေမည့် ခြေလှမ်းတစ်ရပ် ဖြစ်လာမည်ဖြစ်သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
