ပုသိမ်မြို့နယ်တွင် ငါးပုတ်သင်များ အရောင်းအဝယ် ကောင်းမွန်နေ
ပုသိမ် ဒီဇင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်တွင် ငါးပုတ်သင်များ အရောင်းအဝယ်ကောင်းမွန်နေကြောင်း ပုသိမ်မြို့နယ်ရေထွက် ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံ ပိုင်ရှင် ဒေါ်ခိုင်ခိုင်လင်းက ပြောပြသည်။
ပုသိမ်မြို့နယ် ငါးဈေးကွက်အတွင်း ငါးပုတ်သင်များ ယခုနှစ် ဒီဇင်ဘာလ ဒုတိယပတ်မှစတင်ပြီး ယနေ့ထိ ဝယ်ယူအားကောင်းပြီး အရောင်းအဝယ် ကောင်းမွန်နေကြောင်း၊ အဆိုပါ ငါးပုတ်သင်များ တစ်ရက်လျှင် ပိဿာချိန် ၄၅၀၀ ထိ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
"ရေထွက်ကုန်တွေထဲမှာ ငါး ပုတ်သင်တွေ ပိုပြီးအရောင်းအဝယ်ဖြစ်နေပါတယ်။ ငါးပုတ်သင်တွေကို ဒေသဈေးကွက်အပြင် ရန်ကုန် ဈေးကွက်ကိုပါ တင်ပို့ရောင်းချနေပါတယ်။ စားသုံးတဲ့သူများလာတာကြောင့်လဲအခုလိုအရောင်းအဝယ် ကောင်းနေတာပါ။ အဓိကကတော့ ရန်ကုန်ဘက်ကနေ ဒီဘက်က တင်ပို့ရောင်းချတဲ့ ငါးပုတ်သင် တွေအဝယ်လိုက်လာလို့ ဖြစ်ပါတယ်။ ဒေသပွဲရုံတွေဆီငါးပုတ်သင်တွေ ပုံမှန်ဝင်ရောက်နေပြီး ပွဲရုံတွေဆီ ဝင်လာတဲ့ ငါးတွေကလဲ လတ်ဆတ်မှုရှိပါတယ်။ ကုန်တင်ပို့ အားတက်လာတော့ ရေလုပ်ငန်းနဲ့ ဆက်စပ်နေသူတွေ အဆင်ပြေနေတာတွေ့ရပါတယ်"ဟု ပုသိမ်မြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်း ဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ခိုင်ခိုင်လင်း က ပြောပြသည်။
ပုသိမ်မြို့နယ်မှ ရေထွက်ကုန် ပစ္စည်းရောင်းဝယ်ရေး ပွဲရုံပိုင်ရှင်များသည် ငါးပုတ်သင်များ အပါအဝင်ဒေသထွက် ရေထွက်ကုန်များကိုဝယ်ယူ၍ စနစ်တကျ စစ်ဆေးသန့်စင်ပြီး အခြားဒေသများသို့ ပြန်လည်ဖြန့်ဖြူးတင်ပို့ ရောင်းချလျက်ရှိကြောင်း၊ အဆိုပါ ငါးပုတ်သင် တစ်ပိဿာလျှင် ငွေကျပ် ၁၈၀၀၀ မှ ၂၂၀၀၀ ထိပေါက်ဈေးရှိကြောင်း သိရသည်။
ကျော်ကျော်လင်း
ရတနာပုံ

,
,