ထိုင်းနိုင်ငံ၌ လျှပ်စစ်ကားထုတ်လုပ်ရေး မြှင့်တင်ဆောင်ရွက်

News Image

  • ထိုင်းနိုင်ငံ၌ လျှပ်စစ်ကားထုတ်လုပ်ရေး မြှင့်တင်ဆောင်ရွက်

ဗန်ကောက်   မေ  ၁၄

ထိုင်းနိုင်ငံသည် နိုင်ငံ၏မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းအား လျှပ်စစ်ယာဉ်ထုတ်လုပ်ရေးကို မဏ္ဏိုင်ပြု၍ စီးပွားရေးနှင့် အမျိုးသား စွမ်းအင်ဖူလုံရေးတို့ကို မြှင့်တင်ဆောင်ရွက်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ အကြီးအကဲက ပြောကြားသည်။

ထိုင်းနိုင်ငံကို လျှပ်စစ်ယာဉ်ထုတ်လုပ်သည့် ဗဟိုချက်ဖြစ်လာစေရေးအတွက် တိကျသည့် လုပ်ငန်းမူဘောင်များအား  မေ ၁၃ ရက်တွင် ကျင်းပသည့် ၂၀၂၆ ခုနှစ်  ထိုင်းနိုင်ငံရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ ဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ အတွင်းရေးမှူးချုပ် နာရဒ်သက်စတီရာဆွတ်ဒီက ချမှတ်ခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ အစိမ်းရောင် သယ်ယူပို့ဆောင်ရေးပြောင်းလဲမှုသည် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးအတွက်သာမဟုတ်ဘဲ ရုပ်ကြွင်းလောင်စာဈေးနှုန်း မတည်ငြိမ်ခြင်းကြောင့် နိုင်ငံများ၏စီးပွားရေးအပေါ်  အကျိုးသက်ရောက်မှုများမှ ကာကွယ်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

နိုင်ငံအတွင်းဆောင်ရွက်နေသည့် လျှပ်စစ်ယာဉ်ပြောင်းလဲရေးအရွေ့သည် သိသာသည့်အဟုန်ရှိနေပြီး လျှပ်စစ်ကားထုတ်လုပ်ရေးကဏ္ဍအတွက်  ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဘတ် ၁၈၀ ဘီလီယံရှိကြောင်း သိရသည်။ ပြည်တွင်းလျှပ်စစ်ကားထုတ်လုပ်ရေးကဏ္ဍတွင် နည်းပညာမြှင့်တင်ဆောင်ရွက်မည်ဖြစ်ပြီး ပြည်တွင်းနှင့် ပြည်ပမှ လျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်းများလက်တွဲကာ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။                        

ကိုးကား -ဆင်ဟွာ

ဘာသာပြန် - စိုးသူရ

MWD