ဘင်္ဂလားဒေ့ရှ် မငြိမ်မသက်မှုများကြောင့် အိန္ဒိယနိုင်ငံတွင် ဆန္ဒပြပွဲ များ ဖြစ်ပွား
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဟိန္ဒူအမျိုးသားတစ်ဦး ဝိုင်းဝန်းရိုက်နှက် သတ်ဖြတ်ခံရမှုနှင့် လူနည်းစု ဘာသာဝင်များအပေါ် အကြမ်းဖက်မှုများ ဖြစ်ပွားနေသည်ဟုဆိုကာ အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီရှိ ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့တွင် ဆန္ဒပြသူများက စုဝေးဆန္ဒပြခဲ့ကြသည်။
လွန်ခဲ့သည့် သီတင်းပတ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Mymensingh မြို့တွင် Dipu Chandra Das အမည်ရှိ ဟိန္ဒူအမျိုးသားတစ်ဦးသည် အစ္စလာမ် ဘာသာအပေါ် စော်ကားသည်ဟူသော စွပ်စွဲချက်ဖြင့် လူအုပ်စုလိုက် ဝိုင်းဝန်းရိုက်နှက် သတ်ဖြတ်ခြင်း (Lynching) ကို ခံခဲ့ရသည်။ NDTV သတင်းဌာန၏ ဖော်ပြချက်အရ "ဒီနေ့ မိမိတို့ အသံမထွက်ကြဘူးဆိုပါက မိမိတို့အားလုံးအနေဖြင့် Dipu လိုမျိုး ဖြစ်သွားကြလိမ့်မည်" ဟု ဆန္ဒပြသူ တစ်ဦးက ပြောကြားခဲ့သည်။ ဆန္ဒပြသူများသည် ဘင်္ဂလားဒေ့ရှ် သံရုံး ပတ်လည်ရှိ အတားအဆီးများကို ကျော်တက်ရန် ကြိုးပမ်းခဲ့ကြသဖြင့် ဒေသခံရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပွားခဲ့သည်။
အိန္ဒိယမြို့ကြီးနှစ်မြို့ရှိ ဘင်္ဂလားဒေ့ရှ်သံရုံးများတွင် ဖြစ်ပွားခဲ့သော မလိုလားအပ်သည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်အစိုးရက အိန္ဒိယသံအမတ်ကြီးကို ခေါ်ယူ သတိပေးခဲ့သည်။ "သံတမန်ရုံးများကို ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်ခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းများကို ပြင်းထန်စွာ ရှုတ်ချကြောင်း" ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ အိန္ဒိယအစိုးရကမူ ၎င်းတို့၏ နယ်မြေကို ဘင်္ဂလားဒေ့ရှ် နိုင်ငံအား ဆန့်ကျင်သည့် လှုပ်ရှားမှုများအတွက် မည်သည့်အခါမှ အသုံးပြု ခွင့်မပေးကြောင်း တုံ့ပြန်ခဲ့သည်။
ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာ ရာထူးမှဖယ်ရှားခံခဲ့ရသည့် ၂၀၂၄ လူထုအုံကြွမှု၏ ခေါင်းဆောင်တစ်ဦး ယခုလအစောပိုင်းတွင် သေဆုံးသွား ခဲ့ပြီးနောက် လွန်ခဲ့သည့်သီတင်းပတ်မှစတင်၍ ဘင်္ဂလားဒေ့ရှ်တွင် အကြမ်းဖက်မှုများ တစ်ကျော့ပြန် ပြင်းထန်လာခဲ့ခြင်း ဖြစ်သည်။ ထို အခြေအနေကြောင့် ဒါကာနှင့် နယူးဒေလီတို့ကြား သံတမန်ရေးရာ အငြင်းပွားမှုများဖြစ်ပေါ်နေပြီး နှစ်နိုင်ငံစလုံးက တစ်ဖက်နှင့်တစ်ဖက် သံအမတ်ကြီးများကို ခေါ်ယူ တွေ့ဆုံခဲ့ကြသည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က ဘင်္ဂလားဒေ့ရှ်တွင် ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုများ အပေါ် အလွန်စိုးရိမ်မိကြောင်း ပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း မငြိမ်မသက်မှုများကို ထိန်းသိမ်းရန်နှင့် အိန္ဒိယနှင့် ဖြစ်ပွား နေသော သံတမန်ရေးရာတင်းမာမှုများကို လျှော့ချရန် ရုရှားက တိုက်တွန်း ထားသည်။
"တင်းမာမှုတွေကို အမြန်ဆုံး လျှော့ချနိုင်လေလေ ပိုကောင်းလေလေပါပဲ ၊ သမိုင်းကြောင်းအရ ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေး ရရှိခဲ့ ခြင်းသည် အိန္ဒိယ၏ အကူအညီကြောင့် အများဆုံးဖြစ်ခဲ့ပါသည် ၊ ထို ကိစ္စမှာ ရုရှားကလည်း ပံ့ပိုးပေးခဲ့ပါသည် ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် ရုရှားတို့ အတူတကွ လက်တွဲလုပ်ဆောင်ခဲ့ကြတာပါ" ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Aleksandr Khozin က တနင်္လာနေ့ (ဒီဇင်ဘာ ၂၂) တွင် ပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
