နယူးဂျာစီပြည်နယ်တွင် ရဟတ်ယာဉ်နှစ်စင်း ဝေဟင်၌ တိုက်မိပြီး အနည်းဆုံး လူတစ်ဦး သေဆုံး
နယူးဂျာစီပြည်နယ်တွင် တနင်္ဂနွေနေ့ (ဒီဇင်ဘာ ၂၈) မွန်းလွဲပိုင်းက ရဟတ်ယာဉ်နှစ်စင်း တိုက်မိမှုကြောင့် အနည်းဆုံး လူတစ်ဦးသေဆုံး သွားကြောင်း အမေရိကန်အာဏာပိုင်များကို ကိုးကား၍ ဒေသတွင်း သတင်းများက ဖော်ပြခဲ့ကြသည်။
Hammonton မြို့ငယ်လေးရှိ လေဆိပ်အနီးတွင် Enstrom F-28A နှင့် Enstrom 280C အမျိုးအစား ရဟတ်ယာဉ်နှစ်စင်း ဝေဟင်၌ တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း ဖက်ဒရယ်လေကြောင်းစီမံခန့်ခွဲမှုဦးစီးဌာန (FAA) က ထုတ်ပြန် ထားသည်။ ရဟတ်ယာဉ်တစ်စင်းစီတွင် လေယာဉ်မှူးတစ်ဦးစီသာ လိုက်ပါ သွားခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။
လေယာဉ်မှူးတစ်ဦးမှာ သေဆုံးသွားခဲ့ပြီး ကျန်တစ်ဦးမှာ အသက် အန္တရာယ် စိုးရိမ်ရသည့် ဒဏ်ရာများဖြင့် ဆေးရုံသို့အရေးပေါ် ပို့ဆောင်ထားရကြောင်း Fox29 Philadelphia သတင်းတွင် ဖော်ပြထားသည်။ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော ဖြစ်စဉ်မှတ်တမ်းဗီဒီယိုတစ်ခုတွင် ရဟတ်ယာဉ်တစ်စင်းမှာ မထိန်းချုပ်နိုင်ဘဲ လည်ပတ်ကာ ပျက်ကျသွားသည်ကို မြင်တွေ့ရသည်။
FAA ၏ အဆိုအရ အမေရိကန် အမျိုးသား သယ်ယူပို့ဆောင်ရေး လုံခြုံမှု ဆိုင်ရာ ဘုတ်အဖွဲ့ (NTSB) က စုံစမ်းစစ်ဆေးမှုများကို လွှဲပြောင်း ရယူ သွားမည်ဖြစ်ပြီး နောက်ထပ် နောက်ဆက်တွဲ သတင်းအချက်အလက် များကို ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကိုးကား- RT
Photo: The Financial Express
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
