ရုရှား၏ Oreshnik ဒုံးကျည်စနစ် ဘယ်လာရုစ်၌ စတင် တာဝန် ထမ်းဆောင်
ရုရှားနိုင်ငံ၏ နောက်ဆုံးပေါ် တာလတ်ပစ် Hypersonic ဒုံးကျည်စနစ် ဖြစ်သော Oreshnik သည် ဘယ်လာရုစ်နိုင်ငံအတွင်းသို့ ရောက်ရှိလာပြီး တိုက်ပွဲဝင်အသင့်အနေအထားဖြင့် စတင်တာဝန်ထမ်းဆောင်နေပြီဖြစ်ကြောင်း ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုက အတည်ပြု ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလလယ်တွင် Oreshnik ဒုံးကျည်စနစ်အတွက် ပထမဆုံးသော အခြေစိုက်စခန်းများကို အောင်မြင်စွာတပ်ဆင်ပြီးစီးခဲ့ပြီး လက်ရှိတွင် "တိုက်ပွဲဝင် အသင့်အနေအထား" (Combat Duty) သို့ ရောက်ရှိ နေပြီဖြစ်သည်။ ယင်းသည် ရုရှားနှင့် ဘယ်လာရုစ်တို့အကြား စစ်ရေး ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါသော အဆင့်တစ်ခုဖြစ်သည်။
Oreshnik ဒုံးကျည်သည် အသံထက် ၁၀ ဆ (Mach 10) ပိုမိုမြန်ဆန်ပြီး ကမ္ဘာပေါ်ရှိ မည်သည့် ခေတ်မီလေကြောင်းကာကွယ်ရေးစနစ်ကမျှ ကြားဖြတ်မတားဆီးနိုင်ဟု ရုရှားက ပြောဆိုထားသည်။ ၎င်းသည် နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်ပြီး သမားရိုးကျထိပ်ဖူးလည်း တပ်ဆင် နိုင်စွမ်းရှိသည်။
အကယ်၍ သမားရိုးကျ ထိပ်ဖူးအမြောက်အမြားဖြင့် တပ်ဆင်ပစ်ခတ် ပါက နျူကလီးယားလက်နက်နှင့် ညီမျှသောဖျက်အားကို ရရှိနိုင်ကြောင်း သမ္မတပူတင်က ဆိုသည်။ တာလတ်ပစ် ဒုံးကျည်အမျိုးအစားဖြစ်သဖြင့် ဥရောပတိုက်အတွင်းရှိ မည်သည့်မြို့တော်ကိုမဆို မိနစ်ပိုင်းအတွင်း ရောက်ရှိပစ်ခတ်နိုင်စွမ်းရှိသည်။
ဘယ်လာရုစ်နိုင်ငံအတွင်း ယခုကဲ့သို့ တပ်ဖြန့်ရခြင်းမှာ အနောက် အုပ်စု နှင့် NATO ၏ စစ်ရေးခြိမ်းခြောက်မှုများကို တားဆီးရန် (Strategic Deterrence) နှင့် ဒေသတွင်း စစ်ရေးမျှခြေကို ထိန်းညှိရန်အတွက် ဖြစ်သည်။ အထူး သဖြင့် ယူကရိန်းစစ်ပွဲတွင် အနောက်နိုင်ငံများမှ တာဝေးပစ် လက်နက် များ အသုံးပြုခွင့်ပေးလာမှုအပေါ် ရုရှား၏ တုံ့ပြန်မှု တစ်ရပ်လည်း ဖြစ်သည်။
အဆိုပါ ဒုံးကျည်စနစ်များကို ရုရှားနိုင်ငံက တိုက်ရိုက် ထိန်းချုပ်သွားမည် ဖြစ်သော်လည်း ပစ်မှတ်ရွေးချယ်မှုနှင့် ပတ်သက်၍ ဘယ်လာရုစ်နိုင်ငံနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဟု သိရှိရသည်။ Oreshnik ဒုံးကျည်စနစ် ဘယ်လာရုစ်သို့ ရောက်ရှိလာခြင်းသည် ဥရောပ၏ လုံခြုံရေး အခြေအနေ ကို ပိုမိုတင်းမာစေပြီး ရုရှား၏အဆင့်မြင့်စစ်လက်နက် နည်းပညာများကို ၎င်း၏မဟာမိတ်နယ်မြေများအထိ တိုးချဲ့ဖြန့်ကြက်လိုက်ခြင်းပင် ဖြစ်သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
