ထိုင်းနိုင်ငံ၌ နှစ်သစ်ကူးကာလအတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၂၄၁ ဦးရှိပြီး ဖူးခက်နှင့် ဘန်ကောက်မြို့များတွင် အခြေအနေ အဆိုးဆုံးဖြစ်

News Image

  • ထိုင်းနိုင်ငံ၌ နှစ်သစ်ကူးကာလအတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၂၄၁ ဦးရှိပြီး ဖူးခက်နှင့် ဘန်ကောက်မြို့များတွင် အခြေအနေ အဆိုးဆုံးဖြစ်

နှစ်သစ်ကူးကာလ ခြောက်ရက်တာအတွင်း ယာဉ်မတော်တဆမှုများ ကြောင့် လူပေါင်း ၂၄၁ ဦး သေဆုံးခဲ့ပြီး ဖူးခက်ခရိုင်တွင် မတော်တဆမှု နှင့်ဒဏ်ရာရရှိသူအများဆုံးဖြစ်ကာ ဘန်ကောက်မြို့တွင် သေဆုံးသူ အများဆုံးဖြစ်ကြောင်း သိရှိရသည်။

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့် လျော့ပါးသက်သာစေရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Saharat Wongsakulwiwat က ဒီဇင်ဘာ ၃၀ ရက်မှ ဇန်နဝါရီ ၄ ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယာဉ် မတော်တဆမှုပေါင်း ၁,၃၆၄ ခု ဖြစ်ပွားခဲ့ပြီး လူ ၂၄၁ ဦး သေဆုံးကာ ၁,၃၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တနင်္လာနေ့ (ဇန်နဝါရီ ၅) တွင် ပြောကြား ခဲ့သည်။ ဖူးခက်ခရိုင်သည် မတော်တဆမှု ၅၀ ခုနှင့် ဒဏ်ရာရရှိသူ ၅၃ ဦးဖြင့် အရေအတွက်အများဆုံး ဖြစ်ခဲ့ပြီး သေဆုံးမှုအများဆုံးမှာမူ ဘန်ကောက်မြို့ဖြစ်ကာ လူပေါင်း ၂၀ ဦးအထိ ရှိခဲ့ကြောင်း သိရှိရသည်။

တနင်္ဂနွေနေ့ (ဇန်နဝါရီ ၄) တစ်ရက်တည်းတွင်ပင် ယာဉ်မတော်တဆမှု ၁၇၅ ခု ဖြစ်ပွားခဲ့ပြီး၊ ဒဏ်ရာရရှိသူ ၁၇၄ ဦးနှင့် သေဆုံးသူ ၂၇ ဦး ရှိခဲ့သည်။ မတော်တဆမှုများ၏ ၃၃ ရာခိုင်နှုန်းမှာ အရှိန်ပြင်းစွာ မောင်းနှင်ခြင်းကြောင့်ဖြစ်ပြီး အဖြစ်အများဆုံး အကြောင်းရင်းဖြစ်ကာ၊ လမ်းဖြတ်ကျော်ဝင်ရောက်ခြင်းကြောင့် ဖြစ်ပွားမှုမှာ ၃၁ ရာခိုင်နှုန်းဖြင့် ဒုတိယအများဆုံးဖြစ်သည်။ ဖြစ်ပွားခဲ့သော မတော်တဆမှုများ၏ ၆၉ ရာခိုင်နှုန်းတွင် မော်တော်ဆိုင်ကယ်များ ပါဝင်နေကြောင်း သိရှိရသည်။

နှစ်သစ်ကူးခရီးသွား အများစုမှာ ယခုအချိန်တွင် နေရပ်သို့ ပြန်လည် ရောက်ရှိနေကြပြီဖြစ်ကြောင်း Saharat က ပြောကြားခဲ့သည်။ အကျဉ်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Piya Raksakul က ဒီဇင်ဘာ ၃၀ ရက်မှ ဇန်နဝါရီ ၄ ရက်အတွင်း အရက်သောက်စားပြီး မောင်းနှင်သူ ၃,၇၃၁ ဦး၊ မူးယစ်ဆေးဝါး သုံးစွဲမောင်းနှင်သူ ၁၉၉ ဦး၊ မဆင်မခြင် မောင်းနှင်သူ ၄ ဦးနှင့် အရှိန်ပြင်းစွာ မောင်းနှင်သူ ၂ ဦး တို့ကို ခံဝန်ဖြင့် စောင့်ကြည့် စစ်ဆေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ကိုးကား- Bangkok Post

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂