ပြီးခဲ့သည့်လက ဟော်မုဇ်ရေလက်ကြား တိုက်ခိုက်မှုအတွင်း ပျောက်ဆုံးနေခဲ့သည့် ထိုင်းသင်္ဘောသား ၃ ဦး သေဆုံးသွားပြီဖြစ်ကြောင်း ထိုင်း နိုင်ငံ အတည်ပြု
ပြီးခဲ့သည့်လက ဟော်မုဇ်ရေလက်ကြားအတွင်း တိုက်ခိုက်ခံခဲ့ရသည့် ထိုင်းအလံတင် သင်္ဘောတစ်စင်းမှ သင်္ဘောသားသုံးဦး သေဆုံးသွားပြီ ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အတည်ပြုပြောကြားခဲ့သည်။
အလျား ၁၈၀ မီတာရှိသော Mayuree Naree ကုန်တင်သင်္ဘောသည် မတ်လ ၁၁ ရက်နေ့က အဆိုပါ ရေလမ်းကြောင်းကိုဖြတ်သန်းစဉ် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး ထိုစဉ်က သင်္ဘောပေါ်တွင် သင်္ဘောသား ၂၃ ဦး ပါရှိခဲ့သည်။ အိုမန်အာဏာပိုင်များ၏ ကယ်ဆယ်ရေးလုပ်ငန်းများကြောင့် သင်္ဘောသား ၂၀ ဦးကို ကယ်တင်နိုင်ခဲ့သည်။
"ကံမကောင်းစွာနဲ့ပဲ ကျန်ရှိနေတဲ့သင်္ဘောသားသုံးဦးကို နောက်ဆုံးမှာ ပြန်တွေ့ခဲ့ရပေမဲ့ သူတို့ဟာ ဒီဖြစ်စဉ်အတွင်းမှာ အသက်ဆုံးရှုံးသွားခဲ့ပါပြီ" ဟု ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Sihasak Phuangketkeow က ဗုဒ္ဓဟူးနေ့ (ဧပြီ ၈) သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
၎င်းသည် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အိုမန်အာဏာပိုင်များကို ကျေးဇူးတင်စကားပြောရန်နှင့် ရေလက်ကြားအတွင်း ပိတ်မိနေဆဲဖြစ်သော ထိုင်းသင်္ဘော ၉ စင်း ဘေးကင်းစွာဖြတ်သန်းနိုင်ရေးအတွက် အကူအညီတောင်းခံရန် ယခုလနှောင်းပိုင်းတွင် အိုမန်နိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။ အိုမန်အာဏာပိုင်များသည် အဆိုပါကိစ္စနှင့်ပတ်သက်၍ အီရန်အစိုးရနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
