စင်ကာပူ၌ ကမ္ဘာ့အမြင့်ဆုံး ဒေါင်လိုက်စိုက်ပျိုးရေးခြံဖွင့်လှစ် တစ်နှစ်လျှင် ဟင်းသီးဟင်းရွက် တန်ချိန် ၂၀၀၀ ထုတ်လုပ်မည်
စင်ကာပူနိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေးကဏ္ဍကို အထောက်အကူပြုစေမည့် ကမ္ဘာ့အမြင့်ဆုံး မိုးလုံလေလုံ ဒေါင်လိုက်စိုက်ပျိုးရေးခြံကို ဂျူရောင်းဝက်နယ်မြေ၌ ဇန်နဝါရီလ ၇ ရက်တွင် တရားဝင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ ထိုစိုက်ပျိုးရေးခြံကို စိုက်ပျိုးရေးနည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Greenphyto က စင်ကာပူဒေါ်လာ သန်း ၈၀အကုန်အကျခံကာ တည်ဆောက်ထားခြင်း ဖြစ်သည်။
ယခုဖွင့်လှစ်လိုက်သည့် စိုက်ပျိုးရေးခြံတွင် အမြင့် ၂၃ ဒသမ ၃ မီတာ (၇၆ ပေကျော်) ရှိသော ဒေါင်လိုက်စိုက်ပျိုးရေး တာဝါတိုင်များကို အသုံးပြုထားသည်။ ထိုအဆောက်အအုံအတွင်း၌ အလျား ၁၁၈ မီတာစီရှိသော အခန်းကြီး ငါးခန်းပါဝင်ကာ အခန်းတစ်ခန်းစီ၌ စိုက်ပျိုးရေးတာဝါတိုင် နှစ်တိုင်စီထည့်သွင်းထားသည်။
စုစုပေါင်း ၂ ဟက်တာ အကျယ်အဝန်းရှိသော မြေနေရာတွင် အဆင့်မြင့် AI နည်းပညာ၊ စက်ရုပ်စနစ်များ၊ အလိုအလျောက် ထိန်းချုပ်စနစ်များကို အပြည့်အဝပေါင်းစပ်အသုံးပြုထားသည်။ Greenphyto စိုက်ပျိုးရေးခြံသည် အပြည့်အဝလည်ပတ်နိုင်သည့် အခြေအနေ၌ တစ်နှစ်လျှင် ဟင်းသီးဟင်းရွက် တန်ချိန်ပေါင်း ၂၀၀၀ ခန့်အထိ ထုတ်လုပ်ပေးနိုင်မည်ဖြစ်သည်။
ယင်းပမာဏသည် သမားရိုးကျ မြေပြင်စိုက်ပျိုးရေးနည်းလမ်းထက် ၄၅ ဆခန့် ပိုမိုထွက်ရှိခြင်းဖြစ်သည်။ လက်ရှိတွင် တစ်နှစ်လျှင် တန်ချိန် ၂၀၀ ထုတ်လုပ်နိုင်သည့် အဆင့်ဖြင့် စတင်လည်ပတ်နေပြီဖြစ်ပြီး ထွက်ရှိလာသော ဟင်းသီးဟင်းရွက်များကို ပြည်တွင်းကုန်တိုက်များသို့ ပြန်သွင်းကြောင်း သိရသည်။
Ref: ST
MWD
