ဖက်ဒရယ်တရားရုံးက တရားမဝင်ကြောင်း ဆုံးဖြတ်လိုက်ပြီးနောက် သမ္မတ ထရမ့် ၏ ၁၀ ရာခိုင်နှုန်း အထွေထွေကုန်သွယ်ခွန် အစီအစဉ် အကျပ်အတည်းဆိုက်

News Image

  • ဖက်ဒရယ်တရားရုံးက တရားမဝင်ကြောင်း ဆုံးဖြတ်လိုက်ပြီးနောက် သမ္မတ ထရမ့် ၏ ၁၀ ရာခိုင်နှုန်း အထွေထွေကုန်သွယ်ခွန် အစီအစဉ် အကျပ်အတည်းဆိုက်

သမ္မတ ဒေါ်နယ်ထရမ့်၏ သွင်းကုန်အားလုံးအပေါ် ၁၀ ရာခိုင်နှုန်း အထွေထွေကုန်သွယ်ခွန် စည်းကြပ်မှုမှာ ကြာသပတေးနေ့ (မေ ၇) တွင် ဖက်ဒရယ်တရားရုံးက တရားမဝင်ကြောင်း ဆုံးဖြတ်လိုက်ပြီးနောက် အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။ ယခုဆုံးဖြတ်ချက်သည် သမ္မတ ၏ အဓိကစီးပွားရေးမူဝါဒအပေါ် ယခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် အကြီးအကျယ် ထိုးနှက်ချက်ဖြစ်လာသည်။

အမေရိကန် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုတရားရုံးမှ တရားသူကြီးများ အဖွဲ့သည် ၂-၁ မဲဖြင့် ဆုံးဖြတ်ချက်ချမှတ်ခဲ့ရာတွင် အစိုးရအဖွဲ့အနေဖြင့် ၁၉၇၄ ခုနှစ် ကုန်သွယ်မှုဥပဒေ ပုဒ်မ ၁၂၂ အရ ယခုအခွန်များကိုစည်းကြပ်ရန် ခိုင်လုံသောအကြောင်းပြချက်မရှိကြောင်း တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ အစိုးရအဖွဲ့သည် ယခုနှစ်အစောပိုင်းတွင် ၎င်း၏အကျယ်ပြန့် ဆုံးသော အခွန်စည်းကြပ်မှုများကို တရားရုံးချုပ်က တရားမဝင်ကြောင်း ဆုံးဖြတ်ခဲ့ပြီးနောက်တွင် ယခုအခွန်သစ်များကို စတင်ကျင့်သုံးရန် ကြိုးပမ်း ခဲ့ခြင်း ဖြစ်သည်။

ကြာသပတေးနေ့ (မေ ၇) ၏ ဆုံးဖြတ်ချက်တွင် အစိုးရအနေဖြင့် တရားလိုများထံမှ အဆိုပါအခွန်များ ကောက်ခံမှုကိုရပ်တန့်ရန်နှင့် ယခင်ပေးဆောင်ထားသည်များကို ပြန်လည်ပေးအပ်ရန် (Refund) ချမှတ်ထားသည်။ ယခုဆုံးဖြတ်ချက်သည် အမှုနှင့်သက်ဆိုင်သည့် တရားလိုများအတွက်သာ အကျုံးဝင်သော်လည်း ၎င်းသည် ထရမ့် အစိုးရအဖွဲ့၏ အခွန်စည်းကြပ်နိုင်စွမ်းအတွက် ကြီးမားသောအဟန့်အတားတစ်ခု ဖြစ်လာသည်။

ဥပဒေပုဒ်မ ၁၂၂ အရ သတ်မှတ်ထားသော စံနှုန်းများနှင့်ကိုက်ညီပါက သမ္မတသည် လွှတ်တော်၏ အတည်ပြုချက်မလိုဘဲ သွင်းကုန်အားလုံး အပေါ် ၁၅ ရာခိုင်နှုန်းအထိ အခွန်တိုးမြှင့်ကောက်ခံနိုင်သည်။ သို့သော်လည်း ယခုဖြစ်ရပ်တွင် အစိုးရ၏အကြောင်းပြချက်မှာ မလုံလောက်ကြောင်း တရားသူကြီးများက တွေ့ရှိခဲ့ကြသည်။ "အစိုးရ၏ အမိန့်ကြေညာစာတွင် လွှတ်တော်က နားလည်သတ်မှတ်ထားသည့်အတိုင်း 'ကြီးမားပြီး ပြင်းထန်သော အမေရိကန်နိုင်ငံ၏ ငွေပေးငွေယူ ရှင်းတမ်းလိုငွေပြမှု' တစ်စုံတစ်ရာကို ဖော်ပြနိုင်ခြင်း မရှိပါ" ဟု အများစုသဘောတူညီသော ဆုံးဖြတ်ချက်တွင် မှတ်သားဖော်ပြထားသည်။

ယခုအခွန်များကို တရားလိုများမဟုတ်သည့် အခြားသွင်းကုန်လုပ်ငန်းရှင်များအတွက်မူ ဇူလိုင်လအထိ ဆက်လက်ကျင့်သုံးနေဦးမည် ဖြစ်သည်။ လက်ရှိတွင် အစိုးရအဖွဲ့အနေဖြင့် လက်ကိုင်ထားနိုင်သည့် တစ်ခုတည်းသောအခွန်စည်းကြပ်မှုမှာ လုပ်ငန်းကဏ္ဍအလိုက် အခွန်များသာ ဖြစ်သည်။ သို့သော်လည်း အစိုးရအဖွဲ့သည် နိုင်ငံအလိုက် အခွန်သစ်များ ထပ်မံ စည်းကြပ်နိုင်ရန်အတွက် လုပ်ငန်းစဉ်များကို စတင်နေပြီဖြစ်သည်။

အစိုးရအဖွဲ့အနေဖြင့် ဆုံးဖြတ်ချက်ကို အယူခံဝင်ရန် မျှော်လင့်ရသည်။ ထရမ့် ကလည်း ကြာသပတေးနေ့ (မေ ၇) ညက သတင်းထောက်များကို ပြောကြားရာတွင် ၎င်း၏ အစိုးရအဖွဲ့အနေဖြင့် အခြားနည်းလမ်းဖြင့်ဆောင်ရွက်သွားမည်ဟု တုံ့ပြန်ခဲ့သည်။ "တရားရုံးတွေနဲ့ ပတ်သက်ရင် ကျွန်တော့်အတွက် ဘာမှမထူးဆန်းပါဘူး၊ ဘာမှ မထူးဆန်းတဲ့အတွက် ကျွန်တော်တို့က အမြဲတမ်း တခြားနည်းလမ်းနဲ့ လုပ်ပါတယ် ၊ ဆုံးဖြတ်ချက် တစ်ခုထွက်လာရင် ကျွန်တော်တို့က နောက်ထပ်နည်းလမ်းတစ်ခုနဲ့ လုပ်တာပါပဲ" ဟု ထရမ့် က သတင်းထောက်များကို ပြောကြားခဲ့သည်။

ယခုဥပဒေကြောင်းအရ အငြင်းပွားမှုများသည် ထရမ့် ၏ စီးပွားရေးမူဝါဒများအပေါ် လွှမ်းမိုးနေသော ရှုပ်ထွေးမှုနှင့် မရေရာမှုများကို ထင်ဟပ် နေသည်။ ပြီးခဲ့သည့်နှစ်အတွင်းကလည်း အခွန်သစ်များ မကြာခဏကြေညာခဲ့ခြင်းကြောင့် သွင်းကုန်လုပ်ငန်းရှင်များမှာ နောက်ဆုံးပေါ် မူဝါဒ အပြောင်းအလဲ များကို နားလည်ရန် ရုန်းကန်ခဲ့ကြရသည်။

လက်ရှိတွင်လည်း မရေရာမှုများစွာ ရှိနေဆဲဖြစ်သည်။ သွင်းကုန်လုပ်ငန်းရှင်များသည် တရားရုံးချုပ်ကပယ်ချခဲ့သော အခွန်ပေးဆောင်မှုများအတွက် ငွေပြန်အမ်းရန်လျှောက်ထားနိုင်ပြီဖြစ်သည်။ သို့သော်လည်း ထိုငွေပြန်အမ်းသည့်လုပ်ငန်းစဉ်မှာ အဆင့်ဆင့်သွားရမည်ဖြစ်ပြီး မည်သည့် အချိန်တွင် အားလုံးအတွက် ငွေပြန်ထုတ်ပေးနိုင်မည်ကို မသိရသေးပေ။ အစိုးရ၏ နောက်ထပ်လုပ်ဆောင်ချက်များကြောင့် ငွေပြန်အမ်းမှုပမာဏ အပေါ် သက်ရောက်မှုရှိနိုင်ပြီး ကြန့်ကြာမှုများလည်း ရှိလာနိုင်ကြောင်း သိရှိရသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး