Renee Good အား သီးခြားခွဲစိတ်စစ်ဆေးမှု ရလဒ်နှင့်ပတ်သက်၍ ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန (DHS) က ‘ဤဖြစ်ရပ်သည် လုံးဝတားဆီးကာကွယ်နိုင်ခဲ့သော ကိစ္စရပ်ဖြစ်သည်’ ဟု တုံ့ပြန်ပြောကြား
ICE အေးဂျင့်တစ်ဦး၏ ပစ်ခတ်မှုကြောင့် Renee Good သေဆုံးခဲ့ရမှုနှင့် ပတ်သက်၍ မိသားစုဘက်မှ ပြုလုပ်ထားသော သီးခြားခွဲစိတ် စစ်ဆေးချက် အပေါ် CNN က မှတ်ချက်တောင်းခံရာတွင် ပြည်တွင်း လုံခြုံရေးဝန်ကြီး ဌာန (DHS) က ၎င်းတို့၏ "မင်နီယာပိုလစ်မြို့ ဖြစ်စဉ်အပေါ် ကောက်ယူထားသည့် အချက်အလက်များ" သည်သာ မှန်ကန်ကြောင်း အခိုင်အမာ တုံ့ပြန်ပြောကြားခဲ့သည်။
ဗုဒ္ဓဟူးနေ့ (ဇန်နဝါရီ ၂၁) တွင် Good ၏ မိသားစုရှေ့နေက ထုတ်ပြန် ခဲ့သည့် အဆိုပါ ခွဲစိတ်စစ်ဆေးချက်အရ ခန္ဓာကိုယ်တွင် "သေနတ် ကျည်ဖောက်ဝင်ရာ လမ်းကြောင်း သုံးခု" ကို တွေ့ရှိခဲ့ပြီး ၎င်းတို့အနက် နှစ်ခုမှာ ချက်ချင်းအသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေမျိုး မဟုတ်ကြောင်း ဖော်ပြထားသည်။
DHS ၏ လက်ထောက်အတွင်းရေးမှူး Tricia McLaughlin က CNN သို့ ပေးပို့သော အီးမေးလ် ထုတ်ပြန်ချက်တွင် "Good သည် ဥပဒေစိုးမိုးရေး အရာရှိများကို ပိတ်ဆို့ရန်နှင့် ဥပဒေနှင့်အညီ ဆောင်ရွက်နေသော လုပ်ငန်းစဉ်များကို အဟန့်အတားဖြစ်စေရန် သူမ၏ မော်တော်ယာဉ်ကို အသုံးပြုခဲ့ကြောင်း၊ ၎င်းမှာ ရာဇဝတ်မှု (Felony) မြောက်ကြောင်း" ပြောကြားခဲ့သည်။
ထို့ပြင် McLaughlin က "သူမသည် သူမ၏ယာဉ်ကို သေစေနိုင်သော လက်နက်တစ်ခုသဖွယ် အသုံးပြုကာ ဖက်ဒရယ်တရားဥပဒေစိုးမိုးရေး အရာရှိတစ်ဦးကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း" နှင့် အဆိုပါ အရာရှိသည် ၎င်း၏ အသက်အန္တရာယ်ကို စိုးရိမ်ရသည့်အတွက် "ခုခံကာကွယ်သည့် အနေဖြင့် ပစ်ခတ်ခဲ့ခြင်း" ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
“အကယ်၍ သင်သည် ဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များကို နှောင့်ယှက်ခြင်း၊ အမိန့်များကို လျစ်လျူရှုခြင်းနှင့် ဖက်ဒရယ်အရာရှိတစ်ဦးအား သေဆုံး စေရန် သို့မဟုတ် ထိခိုက်ဒဏ်ရာရစေရန် သေစေနိုင်သော လက်နက်ကို အသုံးပြုခြင်းများပြုလုပ်ပါက အန္တရာယ်ရှိသော နောက်ဆက်တွဲ ရလဒ် များ ရှိလာနိုင်ပြီး ယခုဖြစ်စဉ်တွင်မူ သေဆုံးသည်အထိ ဖြစ်ပွားခဲ့ရသည်။ ထိုဖြစ်ရပ်သည် လုံးဝကို တားဆီးကာကွယ်နိုင်ခဲ့သော ကိစ္စရပ်ဖြစ်သည်” ဟု McLaughlin က အခိုင်အမာ ပြောကြားခဲ့သည်။
ကိုးကား- CNN
Photo: NBC News
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

,