ကမ္ဘာ့အမြန်ဆုံး အရပ်ဘက်သုံးလေယာဉ် Global 8000 ဥရောပတွင် ပျံသန်းခွင့်လက်မှတ်ရရှိ
အရပ်ဘက်သုံးလေယာဉ်တွေထဲမှာကမ္ဘာ့အမြန်ဆုံးလေယာဉ်အဖြစ် သတ်မှတ်ခံရတဲ့ Bombardier ကုမ္ပဏီထုတ် Global 8000 ဂျက်လေယာဉ်ဟာ ဥရောပသမဂ္ဂ လေကြောင်းဘေးကင်းလုံခြုံရေးအေဂျင်စီ (EASA) ဆီကနေ ပျံသန်းခွင့်လက်မှတ်ရရှိသွားပါပြီ။ ဒီလေယာဉ်ဟာ ကွန်းကော့လေယာဉ်တွေနောက်ပိုင်း အမြန်ဆုံးလေယာဉ်ဖြစ်လာပြီး တစ်နာရီကို အသံထက် ၀.၉၅ဆမြန်တဲ့နှုန်းနဲ့ ပျံသန်းနိုင်တာဖြစ်ပါတယ်။
ဒါ့အပြင် လေယာဉ်က တစ်ကြိမ်တည်းနဲ့ ရေမိုင် ၈၀၀၀ အထိ အဝေးဆုံးပျံသန်းနိုင်သလို လေယာဉ်အတွင်းပိုင်းမှာလည်း အဆင့်မြင့် နည်းပညာတွေ သုံးထားတယ်လို့ဆိုပါတယ်။ လေယာဉ်ပျံသန်းနေစဉ် ခရီးသည်များ ပင်ပန်းနွမ်းနယ်မှု အနည်းဆုံးဖြစ်အောင် လေဖိအားကို အကောင်းဆုံးထိန်းညှိပေးပြီး လေထုသန့်စင်စနစ်ပါဝင်တာကြောင့် ရောဂါပိုးမွှားတွေကို ၉၉.၉၉ ရာခိုင်နှုန်းအထိ ဖယ်ရှားပေးနိုင်ပါတယ်။
ဒီလေယာဉ်ဟာ ကနေဒါနဲ့အမေရိကန်တို့မှာ အသိအမှတ်ပြု လက်မှတ်တွေကို ရရှိခဲ့ပြီးပါပြီ။ အခုတော့ ဥရောပဒေသမှာပါ ပျံသန်းခွင့်ရသွားပြီ ဖြစ်လို့ မြို့ကြီးတွေကြား ပိုမိုမြန်ဆန်စွာ ပျံသန်းနိုင်မှာပါ။
Ref: IE
ကိုထက်
MWD
