တရုတ်နိုင်ငံ၏ အကြီးဆုံး အားကစားဝတ်စုံ လက်လီရောင်းချသူ Anta Sports က Puma ၏ အဓိကရှယ်ယာရှင်အဖြစ် ဝယ်ယူမည်
တရုတ်နိုင်ငံ၏ အကြီးဆုံး အားကစားဝတ်စုံ လက်လီအရောင်းလုပ်ငန်း ဖြစ်သော Anta Sports Products သည် ဂျာမနီအခြေစိုက် Puma အမှတ် တံဆိပ်၏ ရှယ်ယာ ၂၉ ရာခိုင်နှုန်းကို ဝယ်ယူတော့မည်ဖြစ်ရာ ၎င်းသည် Puma ၏ အကြီးဆုံး ရှယ်ယာရှင် ဖြစ်လာတော့မည်ဖြစ်သည်။ အဆိုပါ သဘောတူညီချက်မတိုင်မီတွင် Puma ကုမ္ပဏီသည် ရုန်းကန်နေရပြီးရှယ်ယာဈေးနှုန်းများမှာလည်း ဆယ်စုနှစ်တစ်ခုအတွင်း အနိမ့်ဆုံး အဆင့် သို့ ရောက်ရှိနေခဲ့သည်။
တရုတ်ကုမ္ပဏီဖြစ်သော Anta သည် အဆိုပါရှယ်ယာများကို ပြင်သစ် နိုင်ငံ၏ အချမ်းသာဆုံး မိသားစုများထဲမှ တစ်ခုဖြစ်သော Pinault မိသားစု ထံမှ ဝယ်ယူမည်ဖြစ်သည်။ ၎င်းတို့သည် Bottega Veneta၊ Gucci နှင့် Yves Saint Laurent ကဲ့သို့သော အမှတ်တံဆိပ်များကို ပိုင်ဆိုင်သည့် အဆင့်မြင့် ဇိမ်ခံပစ္စည်းလုပ်ငန်းစုကြီး Kering ကို ထိန်းချုပ်ထားသူများ ဖြစ်သည်။ Pinault မိသားစုသည် ၂၀၀၇ ခုနှစ်တွင် Puma ၏ ရှယ်ယာ အများစုကို စတင်ဝယ်ယူခဲ့သော်လည်း နောက်ပိုင်းတွင် ရှယ်ယာများကို တဖြည်းဖြည်း ပြန်လည်လျှော့ချခဲ့သည်။
ဖူကျန့်အခြေစိုက် Anta ကုမ္ပဏီသည် ရှယ်ယာပေါင်း ၄၃.၀၁ သန်း အတွက် တစ်ရှယ်ယာလျှင် ၃၅ ယူရိုနှုန်းဖြင့် စုစုပေါင်း ၁.၅၁ ဘီလီယံ ယူရို (အမေရိကန်ဒေါ်လာ ၁.၈ ဘီလီယံ) ကို ငွေသားဖြင့် ပေးချေရန် သဘော တူညီခဲ့သည်။ အဆိုပါ ကမ်းလှမ်းချက်သည် တနင်္လာနေ့ (ဇန်နဝါရီ ၂၆) က Puma ၏ ပိတ်သိမ်းရှယ်ယာဈေး (၂၁.၆၃ ယူရို) ထက် ၆၂ ရာခိုင်နှုန်း ပိုမိုမြင့်မားနေခြင်းကြောင့် သတင်းထွက်ပေါ်လာပြီးနောက် ဂျာမန် ကုမ္ပဏီ ၏ စတော့ရှယ်ယာဈေးနှုန်းမှာ ၁၇ ရာခိုင်နှုန်းအထိ ထိုးတက်သွားခဲ့ပြီး နောက်ဆုံးတွင် ၉ ရာခိုင်နှုန်း မြင့်တက်ကာ ဈေးငြိမ်သွားခဲ့သည်။
Puma ကုမ္ပဏီသည် မကြာသေးမီက အခြားအားကစား အမှတ်တံဆိပ် များနှင့် ပြိုင်ဆိုင်မှု ပြင်းထန်လာခြင်းကြောင့် ဖိအားများနှင့် ရင်ဆိုင် နေရသည်။ လွန်ခဲ့သည့်နှစ်တွင် ကုမ္ပဏီသည် ဝန်ထမ်းအင်အား ၁,၄၀၀ ခန့်ကို လျှော့ချမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး ဈေးနှုန်းလျှော့ပေးမှု များကို ကန့်သတ်ခြင်းနှင့် ထုတ်ကုန်အမျိုးအစားများကိုလျှော့ချခြင်းတို့ ပါဝင်သည့် လုပ်ငန်းပြန်လည်ဦးမော့လာစေရေး အစီအစဉ်တစ်ရပ်ကို စတင်ခဲ့သည်။
Anta ကုမ္ပဏီကမူ Puma အမှတ်တံဆိပ်ကို တရုတ်ဈေးကွက်အတွင်း ပိုမိုကျယ်ပြန့်လာစေရန် စီစဉ်ထားကြောင်း ကြေညာခဲ့သည်။ "Puma ဟာ တရုတ်ဈေးကွက်မှာ ပိုပြီးတိုးတက်နိုင်သည့် အလားအလာရှိပါသည် ၊ လက်ရှိမှာတော့ ၎င်းတို့၏ ကမ္ဘာလုံးဆိုင်ရာဝင်ငွေ၏ ၇ ရာခိုင်နှုန်းပဲ တရုတ်နိုင်ငံက ရရှိနေသေးတာပါ ၊ Puma ကို တရုတ်နိုင်ငံမှာ မည်ကဲ့သို့ အောင်မြင်အောင် လုပ်ရမလဲဆိုသည်နှင့်ပတ်သက်ပြီး ကျွန်တော်တို့မှာ ထိုးထွင်းသိမြင်မှုများ အများကြီးရှိပါသည်" ဟု Anta ၏ ရေရှည် တည်တံ့ခိုင်မြဲရေးနှင့် ရင်းနှီးမြှုပ်နှံသူ ဆက်ဆံရေးဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Wei Lin က Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။
ထို့အပြင် Wall Street Journal ၏ ဖော်ပြချက်အရ အဆိုပါ ဝယ်ယူမှု လုပ်ငန်းစဉ်ပြီးဆုံးသွားပါက Anta အနေဖြင့် Puma ၏ ဒါရိုက်တာ ဘုတ် အဖွဲ့တွင်နေရာရရှိရန်လည်း စီစဉ်ထားသည်။ Anta သည် ယခင်ကလည်း အနောက်နိုင်ငံအမှတ်တံဆိပ်အများအပြားကို ဝယ်ယူခဲ့ဖူးသည်။ ၎င်းတို့ ထဲတွင် Arc’teryx၊ Salomon နှင့် Wilson အမှတ်တံဆိပ်များကို ပိုင်ဆိုင်သော ဖင်လန်အခြေစိုက် Amer Sports နှင့် ဂျာမန်အမှတ်တံဆိပ် Jack Wolfskin တို့ ပါဝင်သည်။
ယခုနောက်ဆုံး ဝယ်ယူမှုသည် "ကျွန်တော်တို့၏ 'အဓိကတစ်ခုတည်းကို အာရုံစိုက်ပြီး အမှတ်တံဆိပ်မျိုးစုံဖြင့် ကမ္ဘာလုံးဆိုင်ရာ ချဲ့ထွင်ခြင်း' (Single-focus, Multi-brand, Globalisation) ဆိုသည့် မဟာဗျူဟာအတွက် အရေးပါသည့် ခြေလှမ်းတစ်ရပ် ဖြစ်ပါသည်" ဟု Anta အုပ်စု၏ ဥက္ကဋ္ဌ Ding Shizhong က South China Morning Post သို့ ပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး (၂)
