ကမ္ဘာ့အကြီးဆုံး ပင်လယ်ရေကြောင်းကုန်စည်ပြပွဲ အေသင်မြို့၌ ကျင်းပ

News Image

  • ကမ္ဘာ့အကြီးဆုံး ပင်လယ်ရေကြောင်းကုန်စည်ပြပွဲ အေသင်မြို့၌ ကျင်းပ

အေသင် ဇွန် ၂

 

ကမ္ဘာ့အကြီးဆုံး ပင်လယ်ရေကြောင်း ကုန်သွယ်မှုပြပွဲများထဲမှ တစ်ခုဖြစ်သည့် ပိုဆီဒိုးနီးယား အပြည်ပြည်ဆိုင်ရာ ရေကြောင်းနှင့် သင်္ဘောလုပ်ငန်းဆိုင်ရာ ကုန်စည်ပြပွဲကို ဇွန် ၁ ရက်က ဂရိနိုင်ငံ အေသင်မြို့၌ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံနှင့်ဒေသပေါင်း ၈၃ ခုမှ ပြသသူ ပေါင်း ၂၂၀၀ ကျော် ပူးပေါင်းပါဝင်ခဲ့သည်။ ၎င်းတို့ထဲတွင် တရုတ်နိုင်ငံမှ ကုမ္ပဏီပေါင်း ၂၀၀ ကျော်ပါဝင်သည်ဟု သိရသည်။

 

ကမ္ဘာ့ကုန်သွယ်ရေး၊ စွမ်းအင်ကဏ္ဍနှင့် စီးပွားရေး တည်ငြိမ်မှုတို့တွင် ရေကြောင်းကုန်သွယ်ရေးကဏ္ဍသည် ပို၍အရေးပါကြောင်း ဖွင့်ပွဲအခမ်းအနား၌ ဂရိဝန်ကြီးချုပ် ကီရီယာကိုစ် မစ်ဆိုတာကစ် က ပြောသည်။

 

 အဆိုပါပြပွဲတွင် ပင်လယ်ရေကြောင်းလုံခြုံရေး၊ ဒီဂျစ်တယ်အသွင်ပြောင်းလဲမှုနှင့် ရေကြောင်းသင်္ဘော လုပ်ငန်းတွင် ဉာဏ်ရည်တုနည်းပညာ (AI) အသုံးချမှုများအပါအဝင် အဓိကအကြောင်းအရာများကို ဦးစားပေးပြသခဲ့သည်။ ပြပွဲကာလအတွင်း ဖိုရမ်များနှင့် အခြားအစီအစဉ်ပေါင်း ၇၀ ခန့် ကျင်းပသွားမည်ဖြစ်သည်။

 

ယင်းပြပွဲကို ၁၉၆၉ ခုနှစ်က စတင်ပြသခဲ့ခြင်းဖြစ်ပြီး နှစ်နှစ်လျှင်တစ်ကြိမ် ကျင်းပလေ့ရှိသည်။ ပိုဆီဒိုးနီးယားပြပွဲသည် ကမ္ဘာ့အဆင့်မီ ပင်လယ်ရေကြောင်း ကုန်သွယ်မှုဆိုင်ရာ ပြပွဲများတွင် အရေးအပါဆုံး ပြပွဲတစ်ခုဖြစ်ပြီး ဇွန် ၅ ရက်အထိ ကျင်းပမည်ဖြစ်သည်။

 

ဆင်ဟွာ

MDN