ဒေါ်နယ်ထရမ့်က အမေရိကန် ပြည်တွင်းအခွန်များဌာနနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့ကို ဒေါ်လာ ၁၀ ဘီလီယံဖြင့် တရားစွဲဆို
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ၎င်း၏ လျှို့ဝှက်အခွန်မှတ်တမ်းများကို နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ ပေါက်ကြားမှုမှကာကွယ်ရန် အဆိုပါ အေဂျင်စီများ ပျက်ကွက်ခဲ့ခြင်းကြောင့် "ဂုဏ်သိက္ခာနှင့် ဘဏ္ဍာရေးဆိုင်ရာ ထိခိုက်နစ်နာမှုများ" ဖြစ်ပေါ်စေခဲ့သည်ဟု စွပ်စွဲကာ ပြည်တွင်းအခွန်များဌာန (IRS) နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့ကို ဒေါ်လာ ၁၀ ဘီလီယံဖြင့် တရားစွဲဆိုလိုက်သည်။
ကြာသပတေးနေ့ (ဇန်နဝါရီ ၂၉) က မိုင်ယာမီရှိ ဖက်ဒရယ်တရားရုံးတွင် တင်သွင်းခဲ့သော အဆိုပါတရားစွဲဆိုမှုတွင် ထရမ့်၊ ၎င်း၏ သားများဖြစ်သော Donald Trump Jr. နှင့် Eric Trump နှင့် Trump Organization တို့ကို တရားလိုများအဖြစ် အမည်တပ်ထားသည်။ IRS နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့သည် "နိုင်ငံရေးအရလှုံ့ဆော်ခံထားရသော ဝန်ထမ်းဆိုးတစ်ဦး" အား ပုဂ္ဂလိကအခွန်အချက်အလက်များကို New York Times နှင့် ProPublica အပါအဝင် အခြားသော သတင်းဌာနများထံသို့ ပေါက်ကြားစေရန် မှားယွင်းစွာ ခွင့်ပြုခဲ့သည်ဟု စွပ်စွဲထားသည်။
Bloomberg မှ ကိုးကားဖော်ပြချက်အရ တရားစွဲဆိုလွှာတွင် "တရားစွဲဆိုခံရသူများသည် တရားလိုများ၏ ဂုဏ်သိက္ခာနှင့် ဘဏ္ဍာရေးဆိုင်ရာ ထိခိုက်နစ်နာမှု၊ လူသိရှင်ကြား အရှက်ရမှုတို့ကို ဖြစ်ပေါ်စေခဲ့ပြီး၊ ၎င်းတို့၏ စီးပွားရေးဂုဏ်သတင်းကို မတရားညှိုးနွမ်းစေခြင်း၊ ၎င်းတို့အား မှားယွင်းသော အသွင်သဏ္ဍာန်ဖြင့်ပုံဖော်ခြင်းနှင့် သမ္မတထရမ့်နှင့် အခြား တရားလိုများ၏ လူထုအမြင်တွင် ရပ်တည်မှုကို ဆိုးကျိုးသက်ရောက်စေခဲ့သည်" ဟု ဖော်ပြထားသည်။
ထိုအမှုသည် အခွန်မှတ်တမ်းများကို ခိုးယူခြင်းနှင့် ထုတ်ဖော်ခြင်းတို့အတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်တွင် ထောင်ဒဏ် ၅ နှစ် ချမှတ်ခံခဲ့ရသည့် IRS ကန်ထရိုက်တာဟောင်း Charles Littlejohn အပေါ် အဓိကအခြေခံထားသည်။ Littlejohn သည် ထရမ့်၏ အခွန်အချက်အလက်များကို New York Times ထံသို့ ပေါက်ကြားစေခဲ့ကြောင်း ဝန်ခံခဲ့ပြီး၊ ထိုသတင်းဌာနက ထရမ့်သည် ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များတွင် ဖက်ဒရယ်ဝင်ငွေခွန်အဖြစ် ဒေါ်လာ ၇၅၀ သာ ပေးဆောင်ခဲ့ကြောင်း ၂၀၂၀ ပြည့်နှစ်တွင် ရေးသားဖော်ပြခဲ့သည်။
အဆိုပါ ကန်ထရိုက်တာသည် ထရမ့်နှင့် ၎င်းပိုင်ဆိုင်ခဲ့သော စီးပွားရေးလုပ်ငန်းအားလုံးဆိုင်ရာ အချက်အလက်များကိုလည်း ProPublica ထံသို့ ပေးအပ်ခဲ့သည်။ နောက်ဆက်တွဲ သတင်းဖော်ပြချက်များသည် အဆိုပါ စာရွက်စာတမ်းများတွင် လိမ်လည်မှုများပါဝင်နေသည်ဟု မှားယွင်းစွာ ညွှန်းဆိုခဲ့ကြောင်း တရားစွဲဆိုမှုတွင် ဖော်ပြထားသည်။ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် IRS တို့သည် အဆိုပါတရားစွဲဆိုမှုနှင့်ပတ်သက်၍ မှတ်ချက်တစ်စုံတစ်ရာပေးခြင်း မရှိသေးပေ။
ထိုတရားစွဲဆိုမှုသည် Littlejohn အလုပ်လုပ်ကိုင်ခဲ့သည့် Booz Allen Hamilton အတိုင်ပင်ခံကုမ္ပဏီနှင့် ဝန်ကြီးဌာန၏ စာချုပ်အားလုံးကို ရပ်ဆိုင်းလိုက်ကြောင်း ဘဏ္ဍာရေးဝန်ကြီး Scott Bessent က ကြေညာခဲ့ပြီး ရက်ပိုင်းအကြာတွင် ပေါ်ထွက်လာခြင်းဖြစ်သည်။ Bessent က အဆိုပါ ကုမ္ပဏီသည် လုံလောက်သောကာကွယ်မှုများ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ထောက်ပြခဲ့ပြီး၊ ထိုလုပ်ဆောင်ချက်သည် "အစိုးရအပေါ် အမေရိကန်ပြည်သူများ၏ ယုံကြည်မှုတိုးလာစေရန်အတွက် မရှိမဖြစ်လိုအပ်သော ခြေလှမ်းတစ်ခု" ဟု ပြောကြားခဲ့သည်။
အစိုးရရှေ့နေများက "IRS သမိုင်းတွင် နှိုင်းယှဉ်၍မရလောက်အောင် ကြီးမားသောပေါက်ကြားမှု" ဟု ဖော်ပြခဲ့သည့် အဆိုပါဖြစ်ရပ်သည် အခွန်ထမ်းပေါင်း ၄၀၆,၀၀၀ ခန့်ကို ထိခိုက်စေခဲ့ပြီး ၁၅ နှစ်ကျော်စာ ဘဏ္ဍာရေးဆိုင်ရာအချက်အလက်များ ပါဝင်နေသည်။ အဆိုပါအေဂျင်စီများ၏ ပေါ့ဆမှုကြောင့် ၎င်း၏ မိသားစုစီးပွားရေးနှင့် လူထုကြားရပ်တည်မှုကို ထိခိုက်စေသည့် ချိုးဖောက်မှုမျိုး ဖြစ်ပေါ်စေခဲ့သည်ဟု အကြောင်းပြကာ ထရမ့်၏ တရားစွဲဆိုမှုတွင် နစ်နာကြေးအဖြစ် အနည်းဆုံး ဒေါ်လာ ၁၀ ဘီလီယံ တောင်းဆိုထားသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
