အိပ်ငိုက်သည်ဟူသော ပြောဆိုချက်များထွက်ပေါ်ပြီးနောက် အစည်းအဝေးများမှာ ပျင်းစရာကောင်းကြောင်းဆိုကာ သမ္မတထရမ့် အစည်းအဝေးကို အချိန်တိုအတွင်းအဆုံးသတ်

News Image

  • အိပ်ငိုက်သည်ဟူသော ပြောဆိုချက်များထွက်ပေါ်ပြီးနောက် အစည်းအဝေးများမှာ ပျင်းစရာကောင်းကြောင်းဆိုကာ သမ္မတထရမ့် အစည်းအဝေးကို အချိန်တိုအတွင်းအဆုံးသတ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ၎င်းအနေဖြင့် အစည်းအဝေးများတွင် မျက်လုံးမှိတ်နားနေခြင်းမှာ အိပ်ငိုက်ခြင်းကြောင့်မဟုတ်ဘဲ အစည်းအဝေးများမှာ "အလွန်ပျင်းစရာကောင်းလှသောကြောင့်" ဖြစ်သည် ဟု ပြောကြားကာ ကြာသပတေးနေ့ (ဇန်နဝါရီ ၂၉) က ပြုလုပ်သော ကက်ဘိနက်အစည်းအဝေးကို အချိန်တိုအတွင်း အဆုံးသတ်ခဲ့သည်။

၂၀၂၆ ခုနှစ်၏ ပထမဆုံး ကက်ဘိနက်အစည်းအဝေးအတွင်း သမ္မတ ထရမ့်က စကားပြောခွင့်မပေးခဲ့သည့်အရာရှိများထဲတွင် ပြည်တွင်းလုံခြုံရေးဝန်ကြီး Kristi Noem လည်း ပါဝင်သည်။ ၎င်းသည် မင်နီယာပိုလစ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးအေးဂျင့်များက ဆန္ဒပြသူတစ်ဦးအား သတ်ဖြတ်ခဲ့သည့်ဖြစ်ရပ်ကြောင့် အဓိက ဝေဖန်ခံနေရသူဖြစ်သည်။

ဝေဖန်သူများကမူ ထရမ့်၏ ကက်ဘိနက်အစည်းအဝေးများကို မြောက်ကိုရီးယားနိုင်ငံ၏ ပုံစံမျိုးနှင့် ခိုင်းနှိုင်းလေ့ရှိပြီး အစိုးရအဖွဲ့ဝင်များသည် ၎င်းတို့၏ အောင်မြင်မှုများကို တင်ပြရမည့်အစား သမ္မတ၏ ဦးဆောင်မှုကို တစ်ဦးထက်တစ်ဦး အပြိုင်အဆိုင် ချီးမွမ်းနေကြသည်ဟု ထောက်ပြကြသည်။ သို့သော်လည်း အသက် ၇၉ နှစ်အရွယ်ရှိပြီဖြစ်သော သမ္မတ ထရမ့်သည် အချို့သောအစည်းအဝေးများ၌ မျက်လုံးဖွင့်ထားနိုင်ရန် ရုန်းကန်နေရသည်ကို မြင်တွေ့ရသဖြင့် အမေရိကန်သမိုင်းတွင် အသက်အကြီးဆုံးသမ္မတဖြစ်လာသည့် ၎င်း၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍ အချို့က မေးခွန်းထုတ်နေကြသည်။

သမ္မတထရမ့်ကမူ ၎င်း၏ ကျန်းမာကြံ့ခိုင်မှုအပေါ် သံသယရှိသူများကို ပြန်လည်တုံ့ပြန်ခဲ့ပြီး တနင်္လာနေ့ (ဇန်နဝါရီ ၂၆) က New York Magazine နှင့် အင်တာဗျူးတွင်လည်း ၎င်းအိပ်ငိုက်နေပုံပေါက်ရခြင်းမှာ "အလွန်ပျင်းစရာကောင်းသော" ကက်ဘိနက်အစည်းအဝေးများကြောင့်ဖြစ်သည်ဟု အပြစ်တင်ခဲ့သည်။

ယခုအကြိမ် အစည်းအဝေးကိုမူ ထရမ့်အတွက် ထူးခြားသည့် ကြာမြင့်ချိန်ဖြစ်သော ၁ နာရီနှင့် မိနစ် ၂၀ ခန့်သာ ပြုလုပ်ခဲ့သည်။ ထို့အပြင် အစည်းအဝေးအပြီးတွင် သမ္မတထရမ့်က သတင်းထောက်များ၏ မေးခွန်းများကို ဖြေကြားရန် ငြင်းဆိုခဲ့သည်။ ထို့ကြောင့် ဝန်ကြီး Noem နှင့် ပတ်သက်သည့် မေးခွန်းများသာမက အီရန်နိုင်ငံအပေါ် စစ်ရေးအရအရေးယူမည် ဟု ခြိမ်းခြောက်နေသည့်ကိစ္စရပ်များနှင့်ပတ်သက်၍လည်း သမ္မတ ထရမ့် အား တိုက်ရိုက်မေးမြန်းခွင့် မရရှိခဲ့ကြပေ။

ကိုးကား- Bangkok Post

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂