ကျောက်ဆည်၊ စဉ့်ကိုင်မြို့နယ်နှင့် ပလိပ်မြို့နယ်ခွဲ ရပ်ကွက်/ ကျေးရွာများတွင် စားအုန်းဆီများအား ရည်ညွှန်းဈေးဖြင့်ရောင်းချပေး
ကျောက်ဆည် ဧပြီ ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ကျောက်ဆည်၊ စဉ့်ကိုင်မြို့နယ်နှင့် ပလိပ်မြို့နယ်ခွဲမှ ရပ်ကွက်/ကျေးရွာများတွင် ယမန်နေ့က ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းဝင် စားသုံးဆီအရောင်းဆိုင်များမှ စားအုန်းဆီများအား ရည်ညွှန်းဈေးဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
စားအုန်းဆီများ ရောင်းချရာ၌ ကျောက်ဆည်မြို့နယ်၌ ဦးတင်လင်းအောင်၊ ဦးနန်းဦး၊ ဒေါ်စန်းစန်းဌေး၊ ဒေါ်သဇင်အောင်၊ ဒေါ်သီတာ တို့၏ ဆီအရောင်းဆိုင်များမှ ကောင်းတင်၊ အုန်းကြော၊ ကုန်းသာ၊ ဟဲလယ်၊ ဆူးလေကုန်း၊ ကျီးအိပ်၊ ဆည်ရွာ၊ ခါးတက္ကုန်း၊ လက်ပန်ကျေးရွာများနှင့် ဈေးတန်းရပ်ကွက်များသို့ စားအုန်းဆီ ၂၅၆၆ ပိဿာကိုလည်းကောင်း၊ စဉ့်ကိုင်မြို့နယ်၌ ဦးကျော်ဆွေဝင်း၊ ဦးအောင်ကြိုင် တို့၏ ဆီအရောင်းဆိုင်များမှ သိန္ဒီကုန်း၊ ပုဏ္ဏရွာ၊ ရှမ်းကန်တောင်၊ ရှမ်းကန်မြောက် ကျေးရွာများသို့ စားအုန်းဆီ ၇၇၀ ပိဿာကိုလည်းကောင်း၊ ပလိပ်မြို့နယ်ခွဲ၌ ဦးကျော်ထွန်း၊ ဦးစိုးမောင်တို့၏ ဆီအရောင်းဆိုင်များမှ စိတ္တရ၊ တပတ်ဆွဲကျေးရွာနှင့် ဈေးသစ် ရပ်ကွက်များသို့ စားအုန်းဆီ ၁၅၄၀ ပိဿာတို့အား အိမ်ထောင်စုတစ်စုလျှင် စားအုန်းဆီ ၂ ပိဿာနှုန်းဖြင့် ရောင်းချပေးကြောင်း သိရသည်။
သက်မောင် (ကျောက်ဆည်)
