ဘိုင်ဒင် (Biden) နှင့် ကာတာ (Carter) တို့ အတူရိုက်ထားသည့် ဓာတ်ပုံထဲမှ ကုလားထိုင်တစ်စုံကို ဒေါ်လာ ၁၁,၀၀၀ ဖြင့် လေလံတင်ရောင်းချ

News Image

  • ဘိုင်ဒင် (Biden) နှင့် ကာတာ (Carter) တို့ အတူရိုက်ထားသည့် ဓာတ်ပုံထဲမှ ကုလားထိုင်တစ်စုံကို ဒေါ်လာ ၁၁,၀၀၀ ဖြင့် လေလံတင်ရောင်းချ

ဘိုင်ဒင်ဇနီးမောင်နှံနှင့် ကာတာဇနီးမောင်နှံတို့၏ နာမည်ကျော်ဓာတ်ပုံတွင် ပါဝင်သော လက်ရန်းပါကုလားထိုင် (Armchairs) နှစ်လုံးကို စုဆောင်းသူတစ်ဦးက အမေရိကန်ဒေါ်လာ ၁၁,၀၀၀ ဖြင့် ဝယ်ယူခဲ့ကြောင်း သိရှိရသည်။

အမေရိကန် ရှေးဟောင်းပစ္စည်းစုဆောင်းသူ တစ်ဦးဖြစ်သည့် Susan Jaffe Tane သည် ပြီးခဲ့သည့်သီတင်းပတ်က Christie’s Auction House တွင် ကျင်းပပြုလုပ်ခဲ့သော လေလံပွဲ၌ အဆိုပါ ပန်းပွင့်ပုံပါ အသားရောင်အထည်ဖြင့် ပြုလုပ်ထားသော ကုလားထိုင်နှစ်လုံးကို အမေရိကန် ဒေါ်လာ ၁၀,၇၉၅ ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကုလားထိုင်များသည် ၂၀၂၁ ခုနှစ်အတွင်း လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့ခဲ့သည့် အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ (Jimmy Carter) နှင့် ဇနီး ရိုဆလင်းကာတာ (Rosalynn Carter) တို့ထံသို့ လက်ရှိ သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden) နှင့် ဇနီး ဂျေးလ်ဘိုင်ဒင် (Jill Biden) တို့ သွားရောက်တွေ့ဆုံစဉ် ရိုက်ကူးခဲ့သည့် ဓာတ်ပုံထဲမှ ပရိဘောဂများ ဖြစ်ကြသည်။

ဂျော်ဂျီယာပြည်နယ်၊ ပလိန်းစ်မြို့ရှိ ကာတာမိသားစု၏ နေအိမ်တွင် ရိုက်ကူးခဲ့သော ထိုဓာတ်ပုံ၌ Wide-angle lens ကို အသုံးပြုထားခြင်းကြောင့် အခန်း၏ အချိုးအစားမှာ ရုပ်သေးအိမ်လေးသဖွယ်ဖြစ်နေပြီး ဘိုင်ဒင်ဇနီးမောင်နှံမှာ ကာတာဇနီးမောင်နှံ၏ အနီးတွင် လူထွားကြီးများကဲ့သို့ ထင်မှတ်မှားဖွယ် ပေါ်လွင်နေခဲ့သည်။

Christie's Auction House မှ ဝန်ထမ်းတစ်ဦးဖြစ်သူ Julia Jones က အဆိုပါကုလားထိုင်နှစ်လုံးသည် ကာတာမိသားစုကို ပိုမိုနီးကပ်သော ပုံရိပ်အဖြစ် ဖော်ဆောင်ပေးသည်ဟု ယုံကြည်သောကြောင့် လေလံတင်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ဝယ်ယူသူ Tane သည် ထိုကုလားထိုင်များကို အမေရိကန်သမ္မတများနှင့် သက်ဆိုင်သည့် စာအုပ်ပေါင်းများစွာ စုဆောင်းထားရှိရာ သူမ၏ မန်ဟက်တန် (Manhattan) ရှိ တိုက်ခန်းတွင် ထားရှိမည်ဖြစ်သည်။ ၎င်းက "သမ္မတကြီး ကာတာနှင့်ဇနီးတို့၏ ဓာတ်ပုံကို မြင်လိုက်ရသည့်အချိန်မှာ ကျွန်မ တကယ့်ကို စိတ်လှုပ်ရှားကြည်နူးမိပါသည်" ဟု ဆိုခဲ့ပါသည်။

သမ္မတဟောင်း ကာတာဇနီးမောင်နှံ၏ သမီးဖြစ်သူ Amy Carter က လေလံမှရရှိသော ရန်ပုံငွေ၏ တစ်စိတ်တစ်ပိုင်းကို ၎င်း၏ မိဘများ တည်ထောင်ထားသည့် အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခုသို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ အဖွဲ့အစည်းသည် ငြိမ်းချမ်းရေးဖော်ဆောင်မှု၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှု၊ ရောဂါဘယများဖြစ်ပွားမှုကို တားဆီးကာကွယ်မှုနှင့် စိတ်ကျန်းမာရေးဆိုင်ရာအရင်းအမြစ်များကို ကူညီပံ့ပိုးမှု စသည့်လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂