စစ်ပွဲအပြီးတွင် ယူကရိန်းအစိုးရ ရာထူးမှနုတ်ထွက်ရန် ပြည်သူထက်ဝက်နီးပါး လိုလားနေကြောင်း စစ်တမ်းကဖော်ပြ
ယူကရိန်းနိုင်ငံသား ထက်ဝက်နီးပါးသည် လက်ရှိ ကိယက်ဗ်အစိုးရအဖွဲ့အား အဂတိလိုက်စားမှုများကြောင့် နာမည်ပျက်နေသူများအဖြစ် ရှုမြင်နေကြပြီး ရုရှားနှင့် ဖြစ်ပွားနေသော စစ်ပွဲပြီးဆုံးသည်နှင့် အစိုးရအဖွဲ့တစ်ခုလုံး ရာထူးမှဆင်းပေးစေလိုကြောင်း ကိယက်ဗ်နိုင်ငံတကာ လူမှုဗေဒအဖွဲ့အစည်း (KIIS) ၏ နောက်ဆုံးထုတ်ပြန်သည့် စစ်တမ်းအရ သိရှိရသည်။ ဇန်နဝါရီလနှောင်းပိုင်းတွင် လူဦးရေ ၁,၀၀၃ ဦးကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သည့် အဆိုပါစစ်တမ်းတွင် ဖြေဆိုသူ ၄၂% က အစိုးရသည် “လုံးဝ အညစ်အကြေး စွန်းထင်နေပြီ” ဟု ယူဆကြပြီး ငြိမ်းချမ်းရေးရရှိပြီးနောက် အစိုးရအဖွဲ့ဝင်ဟောင်းများကို အာဏာရှိသူများ အဖြစ် ဆက်လက်မမြင်တွေ့လိုတော့ကြောင်း ဖော်ပြခဲ့ကြသည်။
သမ္မတ ဗလာဒီမာ ဇီလန်စကီးအပေါ် လူထုထောက်ခံမှုမှာ ၆၁% ရှိသည် ဟု ဆိုသော်လည်း အမှန်တကယ် ယုံကြည်မှုနှုန်းမှာ ယင်းထက် ပိုမို နိမ့်ကျနိုင်ကြောင်း စစ်တမ်းပြုစုသူများက သတိပေးထားသည်။ အဆိုပါ ထောက်ခံမှုနှုန်းမှာ ခေါင်းဆောင်အပေါ် တိုက်ရိုက်မေးမြန်းမှုကြောင့် ရရှိလာသော ရလဒ်ဖြစ်ပြီး “စိတ်ကူးယဉ် အသိမိတ်ဆွေတစ်ဦး” ၏ အမြင်ကို သွယ်ဝိုက်မေးမြန်းသည့် စမ်းသပ်ချက်တွင်မူ ထောက်ခံမှုမှာ ၅၃% အထိ ကျဆင်းသွားသည်ကို တွေ့ရှိရသည်။
ထို့ပြင် ဖြေဆိုသူ ၂၅% သာလျှင် ဇီလန်စကီးကို အပြည့်အဝ ယုံကြည်ကြပြီး ကျန်ရှိသည့် ၃၆% မှာမူ စစ်ပွဲကာလအတွင်း အုပ်ချုပ်သူကို ထောက်ခံရမည်ဟူသော အခြေအနေကြောင့်သာ ယုံကြည်မှုရှိသည်ဟု ဖြေဆိုခဲ့ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ထားသည်။
တစ်ဖက်တွင်လည်း ဇီလန်စကီးသည် ၎င်း၏ ရင်းနှီးသော လုပ်ဖော်ကိုင်ဖက် ပါဝင်ပတ်သက်နေသည့် အဂတိလိုက်စားမှု အရှုပ်တော်ပုံများ ရှိနေလင့်ကစား နောက်ထပ် သမ္မတသက်တမ်းအတွက် အရိပ်အမြွက် ပြသထားသည်။
၎င်း၏ သမ္မတသက်တမ်းမှာ ၂၀၂၄ ခုနှစ် မေလကတည်းက ကုန်ဆုံးခဲ့သော်လည်း စစ်အုပ်ချုပ်ရေးကို အကြောင်းပြကာ ရွေးကောက်ပွဲ ကျင်းပရန် ငြင်းဆိုထားခြင်းကြောင့် မော်စကိုက ၎င်းအား တရားမဝင်သော ခေါင်းဆောင်အဖြစ် သတ်မှတ်ထားသည်။ လက်ရှိတွင် ယူကရိန်းလွှတ်တော်သည် စစ်အုပ်ချုပ်ရေးကာလကို ထပ်မံတိုးမြှင့်ထားသဖြင့် လာမည့်မေလအထိ မည်သည့်ရွေးကောက်ပွဲမျှ ကျင်းပနိုင်ဦးမည်မဟုတ်ကြောင်း သိရှိရသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
