မန္တလေးသို့ ရွှေ့ပြောင်းလာသူများ၍ အိမ်ငှားရန်ခက်ခဲလာ
အခြားသော တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ ဒေသခံများမှာ မန္တလေးမြို့သို့ရောက်ရှိလာချိန်တွင် အိမ်ငှားရမ်းနေထိုင်ရန်ခက်ခဲလာကြသော အခြေအနေမျိုးကို ကြုံတွေ့လာကြကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သော ဇန်နဝါရီလဆန်းပိုင်းမှစတင်ကာ အခြေအနေအရပ်ရပ်ကြောင့် အိမ်ငှားရမ်းမှုဆိုင်ရာ အခက်အခဲများရှိလာသည့် အတွက် အိမ်ပိုင်ရှင်များက ငှားရမ်းမည့်သူများကို နေရာဒေသကန့်သတ်မှုများဖြင့် ငှားရမ်းခြင်းများပြုလုပ်လာခဲ့ကြသည်။
"အိမ်ငှားနေတဲ့သူက နိုင်ငံရေးနဲ့ပတ်သက်ပြီး ပြဿနာတစ်ခုခုတက်ရင် အိမ်ပိုင်ရှင်ကိုပါ အရေးယူမယ်ဆိုတာမျိုးတွေ ဖြစ်လာတော့ အိမ်ရှင်တွေကလည်း အရင်လိုလူတိုင်းကို မငှားရဲကြတော့ဘူး။ အခုက အိမ်ရှာဖို့အရမ်းခက်ခဲလာတယ်"ဟု စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့မှ ပြောင်းရွှေ့နေထိုင်သူတစ်ဦးက ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်များမှ ပြောင်းရွှေ့လာသူများမှာ အိမ်ငှားရမ်းနေထိုင်ရန် အခက်ခဲဆုံးသော အခြေအနေမျိုးကြုံတွေ့နေရပြီး အချို့ရပ်ကွက်များတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ရွှေ့ပြောင်းလာသည့် ဒေသခံများပါ ငှားရမ်းမှုခက်ခဲလာကြောင်း သိရသည်။
မန္တလေးမြို့အတွင်းသို့ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှစတင်ကာ အနယ်နယ်အရပ်ရပ်မှ သိန်းနှင့်ချီသောဒေသခံများ အလုံးအရင်းဖြင့် လာရောက်အခြေချမှုများရှိခဲ့ကြောင်း၊ ယင်းတို့အနက်တွင် အနည်းငယ်လောက်သာ နေရပ်ပြန်ခဲ့ကြပြီး အများစုမှာ မန္တလေးမြို့၌သာ ဆက်လက်နေထိုင်လုပ်ကိုင်လျက်ရှိနေသေးကြောင်း မန္တလေးမြို့ခံများကဆိုသည်။
“မန္တလေးမှာ အိမ်ခြံမြေဈေးတွေကဆက်တိုက်တက်နေတော့ဝယ်နေတဲ့သူကရှားတယ် ငှားပြီးနေတဲ့သူကများလာတော့နေအိမ်ရှာဖို့ခက်လာတယ်မြို့ပြင်ကအိမ်တွေမှာတောင် ငှားတဲ့သူ အရမ်းများနေတာ”ဟု မန္တလေးမြို့ခံတစ်ဦးကပြောသည်။
လက်ရှိတွင် မြန်မာပြည်အထက်ပိုင်းရှိနယ်မြို့များတွင်လက်နက်ကိုင်တိုက်ပွဲများကြောင့်နေရပ်စွန့်ခွာသူများသည် ရန်ကုန်နှင့်မန္တလေး ကဲ့သို့မြို့ကြီးများသို့အလုံးအရင်းဖြင့်ပြောင်းရွှေ့နေထိုင်လျှက်ရှိရာ အိမ်ငှားရမ်းမှု အခက်အခဲများဖြစ်ပေါ်နေကြောင်းသိရသည်။
Np News
