လစ်ဗျားကမ်းလွန်တွင် ရွှေ့ပြောင်းနေထိုင်သူများ လိုက်ပါလာသည့် လှေတစ်စင်းတိမ်းမှောက်မှုကြောင့် လူပေါင်း ငါးဆယ်ကျော် သေဆုံး
လစ်ဗျားကမ်းလွန်တွင် လူ ၅၅ ဦးလိုက်ပါလာသည့် ရော်ဘာလှေတစ်စင်း တိမ်းမှောက်ခဲ့ပြီးနောက် ရွှေ့ပြောင်းနေထိုင်သူ ၅၃ ဦး သေဆုံး သို့မဟုတ် ပျောက်ဆုံးနေကြောင်း နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ အဖွဲ့အစည်း (IOM) က တနင်္လာနေ့ (ဖေဖော်ဝါရီ ၉) တွင် ထုတ်ပြန်ချက် တစ်ခု၌ ပြောကြားခဲ့သည်။ အဆိုပါ ရေယာဉ်သည် ဖေဖော်ဝါရီလ ၅ ရက်နေ့ ည ၁၁ နာရီခန့်တွင် လစ်ဗျားနိုင်ငံ၊ အယ်လ်-ဇာဝီယာ (Al-Zawiya) မှ ထွက်ခွာလာခဲ့ပြီး ၆ နာရီအကြာတွင် ဇူဝါရာ (Zuwara) မြောက်ဘက်တွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း အသက်ရှင် ကျန်ရစ် သူများ၏ ပြောကြားချက်ကို ကိုးကား၍ IOM က ဖော်ပြခဲ့သည်။
ကုလသမဂ္ဂ အေဂျင်စီ၏ အဆိုအရ နိုင်ဂျီးရီးယား အမျိုးသမီးနှစ်ဦးသာ အသက်ရှင်ကျန်ရစ်ခဲ့ပြီး လစ်ဗျားအာဏာပိုင်များ၏ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းစဉ်အတွင်း ဆယ်ယူနိုင်ခဲ့သည်။ အသက်ရှင်ကျန်ရစ်သူ အမျိုးသမီး တစ်ဦးက သူမ၏ခင်ပွန်းကို အဆိုပါလှေတိမ်းမှောက်မှုတွင် ဆုံးရှုံးခဲ့ရသည်ဟု ဆိုကာ ကျန်တစ်ဦးကမူ သူမ၏ ကလေးငယ် နှစ်ဦး ဆုံးရှုံးခဲ့ရသည်ဟု ပြောကြားခဲ့သည်။
“ယခုလို အဖြစ်ဆိုးများက တားဆီး၍ရသည့် အရာတွေဖြစ်ပါသည် ၊ အသက်အန္တရာယ်တွေကို ကာကွယ်ရန်နှင့် မြေထဲပင်လယ် အလယ်ပိုင်း လမ်းကြောင်းမှာ ဘေးကင်းပြီးစနစ်တကျရှိသည့် လမ်းကြောင်းတွေ သေချာ စေရန် အရေးပေါ် လုပ်ဆောင်ချက်တွေ လိုအပ်နေပါပြီ” ဟု အဆိုပါ အေဂျင်စီ က X လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည်။
လစ်ဗျားနိုင်ငံသည် မြေထဲပင်လယ်အလယ်ပိုင်းမှတစ်ဆင့် ဥရောပသို့ ရောက်ရှိရန် ကြိုးပမ်းနေသည့် အာဖရိကနှင့် အရှေ့အလယ်ပိုင်း ဒေသ များမှ ရွှေ့ပြောင်းနေထိုင်သူများအတွက် အဓိက ဖြတ်သန်းရာနေရာ တစ်ခု ဖြစ်လာခဲ့သည်။ အဆိုပါ ရွှေ့ပြောင်းနေထိုင်မှု လမ်းကြောင်းသည် အလွန်အမင်းလူပြည့်ကျပ်ပြီး မလုံခြုံသောလှေများကြောင့် အန္တရာယ် အရှိဆုံး လမ်းကြောင်းများထဲမှတစ်ခုအဖြစ်လူသိများပြီး အများစုမှာ ဥရောပ ရေပိုင်နက်သို့ မရောက်ရှိမီ နစ်မြုပ်ခြင်း သို့မဟုတ် တိမ်းမှောက်ခြင်းများ ဖြစ်ပွားလေ့ရှိသည်။
IOM ၏ အချက်အလက်များအရ ၂၀၂၆ ခုနှစ်အတွင်း ယနေ့အထိ မြေထဲ ပင်လယ်အလယ်ပိုင်း လမ်းကြောင်းတွင် ရွှေ့ပြောင်းနေထိုင်သူ အနည်းဆုံး ၄၈၄ ဦး သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ကြောင်း သိရှိရသည်။ ပြင်းထန် သော ရာသီဥတုအခြေအနေများအတွင်း မြေထဲပင်လယ် အလယ်ပိုင်း ၌ လှေတိမ်းမှောက်မှုများစွာ ဖြစ်ပွားခဲ့ပြီးနောက် ဇန်နဝါရီလ တစ်လတည်းတွင် ပင် ရွှေ့ပြောင်းနေထိုင်သူ အနည်းဆုံး ၃၇၅ ဦး သေဆုံး သို့မဟုတ် ပျောက်ဆုံးအဖြစ် မှတ်တမ်းတင်ခဲ့ရကြောင်း အဆိုပါကိန်းဂဏန်းများက ဖော်ပြနေသည်။ အမှန်တကယ် သေဆုံးသူအရေအတွက်မှာ မှတ်တမ်း မတင်နိုင်ခဲ့သည့်အတွက် ယခုထက် ပိုမိုများပြားနိုင်ကြောင်း အဆိုပါ အေဂျင်စီက ဆက်လက်ပြောကြားခဲ့သည်။
ဖေဖော်ဝါရီလ ပထမပတ်အတွင်း ရွှေ့ပြောင်းနေထိုင်သူ ၂၄၄ ဦးကို ပင်လယ်ပြင်တွင် ကြားဖြတ်တားဆီးနိုင်ခဲ့ပြီး လစ်ဗျားနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်သွားခဲ့သည်။ ၂၀၂၅ ခုနှစ်အတွင်း မြေထဲပင်လယ် အလယ်ပိုင်း ၌ ရွှေ့ပြောင်းနေထိုင်သူ ၁,၃၁၄ ဦးထက်မနည်း ပျောက်ဆုံးခဲ့ပြီး ၂၇,၁၁၆ ဦးကို ကြားဖြတ်တားဆီးကာ လစ်ဗျားသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ကုလသမဂ္ဂက အစီရင်ခံထားသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး -၂
