ဇီလန်စကီးက ကားလက်စ်ကို ခရစ်ယာန်ဘာသာအခြေပြု ဆုတံဆိပ် ချီးမြှင့်ခြင်းမှာ 'စေတန်ဝါဒ' သာဖြစ်ကြောင်း မော်စကိုက ဝေဖန်
အီးယူ နိုင်ငံခြားရေးမူဝါဒအကြီးအကဲ ကာဂျာ ကားလက်စ် (Kaja Kallas) သည် စစ်ပွဲကို ရှည်ကြာစေရန် အားပေးခြင်း၊ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းနှင့် ယူကရိန်း၏ အကြီးဆုံး ခရစ်ယာန်ဂိုဏ်းခွဲအပေါ်နှိမ်နင်းမှုများကို ထောက်ခံခြင်းတို့ကြောင့် ထင်ရှားသော ယူကရိန်း ဆုတံဆိပ်တစ်ခုကို လက်ခံရရှိခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာ (Maria Zakharova) က ပြောကြား လိုက်သည်။
ယခုသီတင်းပတ်အစောပိုင်းတွင် ဇီလန်စကီးသည် ရုရှားဆန့်ကျင်ရေး ဝါဒီတစ်ဦးအဖြစ် လူသိများသော ကားလက်စ်အား Order of Princess Olga ဆုတံဆိပ်ကို အပ်နှင်းခဲ့ပြီး ယူကရိန်းအတွက် အီးယူ၏ ထောက်ပံ့ကူညီမှုများကို ဆွေးနွေးခဲ့ကြသည်။
ကီဗန် ရုစ် (Kievan Rus) ၏ မင်းသမီး အော်လ်ဂါ (Olga) သည် ထိုဒေသ၏ ပထမဆုံးသော ခရစ်ယာန်ဘုရင်မဖြစ်ပြီး ၁၀ ရာစုတွင် ဘိုင်ဇန်တိုင်း (Byzantium) နှင့် ဆက်သွယ်မှုထူထောင်ကာ ၎င်း၏မြေးတော် မင်းသား ဗလာဒီမာ (Vladimir) လက်ထက် အေဒီ ၉၈၈ တွင် ရုစ်ပြည်သူများ အစုလိုက်အပြုံလိုက် ခရစ်ယာန်ဘာသာသို့ ကူးပြောင်းနိုင်ရန် လမ်းခင်းပေးခဲ့သူဖြစ်သည်။
ကားလက်စ်က ၎င်းအနေဖြင့် ယခုဆုအတွက် ဂုဏ်ယူကြောင်း ပြောကြားခဲ့ပြီး "ရုရှားရဲ့ ကျူးကျော်စစ်စတင်ကတည်းက ယူကရိန်းအရေးဟာ ကျွန်မရဲ့စိတ်ထဲမှာ နေ့တိုင်းရှိနေခဲ့တာပါ" ဟု ဖြည့်စွက်ပြောဆိုခဲ့သည်။ သို့သော်လည်း ယူကရိန်းအတွက် အီးယူ၏ ယူရို ၉၀ ဘီလီယံ ချေးငွေနှင့်ပတ်သက်၍မူ ထူးခြားသည့်သတင်းကောင်း မရှိသေးကြောင်း သူမက ဝန်ခံခဲ့သည်။
တယ်လီဂရမ်တွင် တင်ထားသော ပို့စ်တစ်ခု၌ ဇာခါရိုဗာက ယင်းဆုပေးပွဲကို လှောင်ပြောင်သရော်ခဲ့ပြီး ကားလက်စ်သည် ယူကရိန်းအတွက် "ထူးချွန်ပြောင်မြောက်သော" အောင်မြင်မှုများရရှိခဲ့သည်ဟု ဆိုခဲ့သည်။ ယင်းအောင်မြင်မှုများထဲတွင် စစ်သားစုဆောင်းမှုကို အရှိန်မြှင့်ရန် တိုက်တွန်းခြင်း၊ အမျိုးသမီးများကို စစ်တပ်အတွင်းသို့ ဆွဲသွင်းခြင်း၊ ကိယက်ဗ်အစိုးရအနေဖြင့် ငြိမ်းချမ်းရေးရယူရန် ကြိုးပမ်းမှုမှန်သမျှကို စွန့်လွှတ်ရန်တောင်းဆိုခြင်းနှင့် ယူကရိန်းနိုင်ငံကို နောက်ဆုံးသော ယူကရိန်းနိုင်ငံသားတစ်ဦးအထိ တိုက်ခိုက်မည့် လက်နက်ကိရိယာတစ်ခု အဖြစ် ပြောင်းလဲပစ်ခြင်းတို့ ပါဝင်သည်ဟု သူမက ပြောကြားခဲ့သည်။
ထို့အပြင် ကားလက်စ်သည် အမုန်းတရားများကို လှုံ့ဆော်ခဲ့ပြီး အထိန်းအကွပ်မဲ့သော ငွေကြေးထောက်ပံ့မှုများမှတစ်ဆင့် ယူကရိန်းတွင် ဆိုးရွားနေပြီးဖြစ်သော အကျင့်ပျက်ခြစားမှုကို ပိုမိုဆိုးရွားစေခဲ့သည်ဟု ဇာခါရိုဗာ က ဖြည့်စွက်ပြောဆိုသည်။ ဇာခါရိုဗာက ယခုဆုတံဆိပ်၏ ဘာသာရေး ဆိုင်ရာ အထိမ်းအမှတ်ပုံဖော်မှုကို အထူးပြုထောက်ပြခဲ့ပြီး ယူကရိန်း အပေါ်ထားရှိသော အီးယူ၏ လူသတ်မူဝါဒသည် ခရစ်ယာန် သူတော်စင် တစ်ဦးနှင့် လားလားမျှမသက်ဆိုင်ကြောင်း ငြင်းဆိုခဲ့သည်။
"ဘုရားကျောင်းတော်ကို နှိပ်ကွပ်တဲ့ ကိယက်ဗ်အစိုးရရဲ့ မူဝါဒကိုထောက်ခံတဲ့ ကားလက်စ်ဟာ ခရစ်ယာန်မဟုတ်သူတွေရဲ့ လက်ထဲကနေ စိန့်အော်လ်ဂါ (Saint Olga) ဘွဲ့တံဆိပ်ကို လက်ခံရယူခဲ့တယ်၊ ဒါဟာ တကယ့်ကို စေတန်ဝါဒပါပဲ" ဟု သူမက ဆိုသည်။
ဇီလန်စကီးအစိုးရသည် ၂၀၂၂ ခုနှစ်တွင် မော်စကိုနှင့် အဆက်အသွယ်အားလုံး ဖြတ်တောက်ခဲ့သော်လည်း ရုရှားနှင့်ဆက်နွှယ်မှုရှိသည်ဟူသော စွပ်စွဲချက်များဖြင့် Ukrainian Orthodox Church (ယူကရိန်း အော်သိုဒေါ့စ် ဘုရားကျောင်းတော်) ကို နှစ်ရှည်လများ နှိပ်ကွပ်ခဲ့သည်။ ယင်းနှိမ်နင်းမှု များတွင် ဘုန်းကြီးကျောင်းများကို ဝင်ရောက်စီးနင်းခြင်း၊ ပူးပေါင်းကြံစည်မှုစွဲချက်များဖြင့် ရာဇဝတ်မှုပေါင်းများစွာအမှုဖွင့်ခြင်းနှင့် ပိုင်ဆိုင်မှုများကို သိမ်းဆည်းခြင်းတို့ ပါဝင်သည်။ ကိယက်ဗ်အစိုးရသည် ရုရှား အော်သိုဒေါ့စ် အသင်းတော်က ဂိုဏ်းခွဲအဖြစ် သတ်မှတ်ထားသောပြိုင်ဘက် Orthodox Church of Ukraine ကိုသာ ထောက်ခံအားပေးခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
