ကျောက်ဆည်မြို့၌ (၇၉) နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် အလံတင်အခမ်းအနား၊ သဝဏ်လွှာဖတ်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
ကျောက်ဆည်၊ ဖေဖော်ဝါရီ-၁၂
မန္တလေးဒေသကြီး၊ ကျောက်ဆည်ခရိုင် ၊ ကျောက်ဆည်မြို့၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အလံတင်အခမ်းအနားကို ဖေဖော်ဝါရီ (၁၂)ရက် နံနက်(၅)နာရီခွဲက မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး သဝဏ်လွှာ ဖတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို နံနက် ၇ နာရီအချိန်၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများနှင့် တပ်ဖွဲ့ဝင် အပေါင်းအား အလေးပြုခဲ့ ကြပြီး ကျောက်ဆည်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော ၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စု နေ့အခမ်းအနား သဝဏ်လွှာအား ဖတ်ကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောက်ဆည်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင် ပညာရေးမှူး ဒေါက်တာဥမ္မာကြည်တို့က အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နှင်းယုသင်းတို့က မူလတန်းအဆင့် စာစီစာကုံး၊ ပန်းချီ ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။
၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်လာသူများအား အ.ထ.က (၁)၊ အ.ထ.က(၂)၊ အ.ထ.က(၃) ကျောင်းသား၊ ကျောင်းသူလေးများက စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်၊ သွေးချင်းတို့မြေ၊ ထာဝရ သစ္စာ တေးသီချင်းများဖြင့် သရုပ်ဖော်ကပြဖျော်ဖြေခဲ့ကြပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်ခရိုင် (ပြန်/ဆက်)
