အမေရိကန်က ရွှေ့ပြောင်းနေထိုင်သူများကို ကင်မရွန်းနိုင်ငံသို့ လျှို့ဝှက် ပြည်နှင်ဒဏ်ပေး
အမေရိကန်အစိုးရသည် ရွှေ့ပြောင်းနေထိုင်သူများကို အာဖရိက အလယ်ပိုင်းနိုင်ငံဖြစ်သော ကင်မရွန်းနိုင်ငံသို့ လျှို့ဝှက်စွာပြည်နှင်ဒဏ်ပေးခဲ့ကြောင်း သတင်းဌာနအများအပြားက ဖော်ပြခဲ့ကြသည်။ ၎င်းတို့အထဲတွင် အဆိုပါနိုင်ငံနှင့် မည်သည့်ပတ်သက်မှုမျှ မရှိသူများအပြင် ပြည်နှင်ဒဏ်ပေးခြင်းမှ ဥပဒေကြောင်းအရ အကာအကွယ်ရရှိထားသူများပင် ပါဝင် နေသည်။
ရွှေ့ပြောင်းနေထိုင်သူ ၈ ဦးပါဝင်သော အုပ်စုတစ်စုသည် ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ကင်မရွန်းနိုင်ငံ၏ မြို့တော် ရာအွန်ဒီသို့ ရောက်ရှိလာခဲ့ကြောင်း၊ ၎င်းမတိုင်မီ ဇန်နဝါရီလအတွင်းကလည်း အခြားလူ ၉ ဦးကို အရာရှိများက "တတိယနိုင်ငံသို့ ပြည်နှင်ဒဏ်ပေးခြင်း" စီမံချက်ဖြင့် ထိုနေရာသို့ ပို့ဆောင်ခဲ့ကြောင်း ရှေ့နေများ၏ ပြောကြားချက်ကို ကိုးကား၍ AP သတင်းဌာနက ထိုနေ့တွင် ဖော်ပြခဲ့သည်။
ပြည်နှင်ဒဏ်ပေးခံရသူများထဲတွင် ကင်မရွန်းနိုင်ငံသားတစ်ဦးမျှ မပါဝင်ဘဲ ၎င်းတို့အနက်အချို့မှာ မိခင်နိုင်ငံများ၌ ညှဉ်းပန်းနှိပ်စက်ခံရနိုင်ခြေရှိသဖြင့် အမေရိကန် လူဝင်မှုကြီးကြပ်ရေး တရားသူကြီးများက အကာအကွယ်ပေးထားသည့် အမိန့်များ ထုတ်ပြန်ပေးထားသူများဖြစ်ကြောင်း သိရှိရသည်။
ပြီးခဲ့သည့် စနေနေ့ (ဖေဖော်ဝါရီ ၁၄) က New York Times သတင်းဌာန၏ ဖော်ပြချက်အရ အဆိုပါ ရွှေ့ပြောင်းနေထိုင်သူ ၉ ဦးသည် လူဝီစီယားနားပြည်နယ်မှကင်မရွန်းသို့ လေယာဉ်ဖြင့် အပို့ခံခဲ့ရခြင်းဖြစ်ပြီး ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာနပိုင် လေယာဉ်ပေါ်၌ လက်ထိပ်နှင့် ခြေချင်းများ ခတ်ခံရသည့်အချိန်အထိ ၎င်းတို့ သွားရမည့်နေရာကို သိရှိခြင်း မရှိခဲ့ကြပေ။
အခြားနိုင်ငံများမှ ပြည်နှင်ဒဏ်ပေးခံရသူများကို လက်ခံရန် ကင်မရွန်း နိုင်ငံနှင့် တစ်စုံတစ်ရာ သဘောတူညီမှု ရယူထားခြင်းရှိမရှိကို ဝါရှင်တန် က လူသိရှင်ကြား ထုတ်ဖော်ပြောဆိုထားခြင်းမရှိသကဲ့သို့ ကင်မရွန်း အစိုးရဘက်ကလည်း ထိုသူများရောက်ရှိလာခြင်းနှင့်ပတ်သက်၍ မှတ်ချက် တစ်စုံတစ်ရာပေးခြင်း မရှိသေးပေ။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး -၂
