ရုရှားကို အောင်ပွဲရသွားစေမည့်အခြေအနေမျိုး မဖန်တီးကြရန် ဇီလန်စကီး က အမေရိကန်ဘက်မှ ညှိနှိုင်းဆွေးနွေးသူများကို တိုက်တွန်းပြောကြား

News Image

  • ရုရှားကို အောင်ပွဲရသွားစေမည့်အခြေအနေမျိုး မဖန်တီးကြရန် ဇီလန်စကီး က အမေရိကန်ဘက်မှ ညှိနှိုင်းဆွေးနွေးသူများကို တိုက်တွန်းပြောကြား

ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးက ၎င်းအနေဖြင့် ရုရှားကို အလျှော့ပေးလိုက်လျောမှုများပြုလုပ်ရန်အတွက် ဖိအားမပေးကြရန် အမေရိကန် ညှိနှိုင်းဖျန်ဖြေသူများကို တိုက်တွန်းခဲ့ကြောင်း ပြောကြားခဲ့သည်။ ၎င်းသည် ဖေဖော်ဝါရီ ၁၇ ရက်နေ့က ဂျီနီဗာမြို့တွင် စတင် ခဲ့သည့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲ တတိယအကျော့အပြီးတွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

Axios နှင့် ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခန်းတစ်ခုတွင် ဇီလန်စကီးက ၎င်းအနေဖြင့် အထူးကိုယ်စားလှယ် Steve Witkoff နှင့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ သားမက်ဖြစ်သူ Jared Kushner တို့အား ယူကရိန်းပြည်သူများက "မအောင်မြင်သော ဇာတ်လမ်း" အဖြစ် ရှုမြင်မည့် အရာမျိုးကိုလက်ခံရန် အတင်းအကျပ်မတိုက်တွန်းကြရန် တောင်းဆိုခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးအတွက် ထရမ့်အနေဖြင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို "အောင်ပွဲမပေး" သင့်ကြောင်းလည်း ၎င်းက အခိုင်အမာ ပြောဆိုခဲ့သည်။

ယူကရိန်းအား အလျှော့ပေးလိုက်လျောမှုများပြုလုပ်ရန် တွန်းအားပေးနေသည့်အပေါ် ထရမ့်ကို ဇီလန်စကီးက ဝေဖန်ခဲ့ပြီး "ယင်းက ၎င်း၏ နည်းဗျူဟာ သက်သက်ပဲ ဖြစ်ပြီး ဆုံးဖြတ်ချက်တစ်ခု မဟုတ်ရန် ကျွန်တော် မျှော်လင့်ပါသည်" ဟု ဆိုသည်။ ဒွန်ဘတ်စ် (Donbass) နှင့် ခရိုင်းမီးယား (Crimea) အပါအဝင် ရုရှား၏ နယ်မြေအသစ် ၅ ခုအပေါ် တောင်းဆိုချက်များကို စွန့်လွှတ်ရန်နှင့် ၎င်းတို့၏ထိန်းချုပ်မှုအောက်ရှိ ဒွန်ဘတ်စ်ဒေသ အစိတ်အပိုင်းများမှ တပ်ဖွဲ့များ ပြန်လည်ရုပ်သိမ်းရန်ဟူသော ရုရှား၏ အဓိက တောင်းဆိုချက်တစ်ခုကို ဇီလန်စကီးက ထပ်မံပယ်ချခဲ့သည်။ အကယ်၍ အဆိုပါနယ်မြေပေးအပ်ရမည့်ကိစ္စကို လူထုဆန္ဒခံယူပွဲ ပြုလုပ်မည် ဆိုပါက ယူကရိန်းပြည်သူများက ငြင်းပယ်ကြလိမ့်မည်ဟုလည်း ဇီလန်စကီးက အခိုင်အမာ ပြောဆိုခဲ့သည်။

ဇီလန်စကီးက ဆက်လက်ပြောကြားရာတွင် ၎င်းအနေဖြင့် ပူတင်နှင့် တွေ့ဆုံဆွေးနွေးနိုင်ခြေရှိမှုကိုတင်ပြရန် ၎င်း၏အဖွဲ့ကို ညွှန်ကြားထားကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။ ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒမီထရီ ပက်စကော့ဗ်ကမူ ပူတင်အနေဖြင့် တစ်ဦးချင်းတွေ့ဆုံရန် လမ်းဖွင့်ထားသော်လည်း ၎င်းမှာ ညှိနှိုင်းဆွေးနွေးမှုများ၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိချိန်မှသာ ဖြစ်နိုင်ကြောင်း ယခင်ကပြောကြားထားပြီးဖြစ်သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး - ၂