ပိုလန်စစ်တပ်အတွင်း ကျား၊ မ ရေးရာသင်တန်းများအပေါ် ဝေဖန်မှုများကြောင့် အစိုးရပြန်လည်ရုပ်သိမ်း
ပိုလန်ကာကွယ်ရေးဝန်ကြီးဌာနသည် စစ်တပ်အတွင်း သင်ကြားရန် စီစဉ်ထားသည့် “စစ်ဆင်ရေးများတွင် ကျား၊ မ ရေးရာအမြင်များ” (Gender perspectives in military operations) ဆိုင်ရာ ထပ်ဆောင်းသင်တန်းတစ်ခုကို လက်ယာယိမ်းနိုင်ငံရေးသမားများနှင့် စစ်သည်များ၏ ပြင်းထန်သော ကန့်ကွက်မှုများကြောင့် ပြန်လည်ဖျက်သိမ်းလိုက်ကြောင်း သိရှိရသည်။
အဆိုပါသင်တန်းကို လက်ရှိကာကွယ်ရေးဝန်ကြီး ဝလာဒီဆလော ကိုဆီနီယက်-ကမ်းမစ်ရှ်က ရပ်ဆိုင်းရန် အမိန့်ပေးခဲ့ခြင်းဖြစ်ပြီး ဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ ယင်းအစီအစဉ်မှာ ယခင်အစိုးရ လက်ထက်ကတည်းက အတည်ပြုခဲ့ခြင်းဖြစ်နိုင်ကြောင်း အပြစ်တင် ပြောဆိုထားသည်။
အဆိုပါသင်တန်းအကြောင်းကို ယခုလအစောပိုင်းတွင် ဒေသတွင်းမီဒီယာများက ဖော်ထုတ်ခဲ့ပြီးနောက် စစ်သည်များအကြားတွင်လည်း မကျေနပ်မှုများ မြင့်တက်ခဲ့သည်။ အမည်မဖော်လိုသူ စစ်မှုထမ်းတစ်ဦးက စစ်တပ်အနေဖြင့် နေ့စဉ်စစ်မှုထမ်းခြင်းနှင့် မသက်ဆိုင်သည့် အယူဝါဒပိုင်းဆိုင်ရာ ကိစ္စရပ်များထက် စစ်ဆင်ရေးပြင်ဆင်မှုများကိုသာ အဓိကထားသင့်ကြောင်း ဝေဖန်ခဲ့သည်။ တပ်ဖွဲ့ဝင်များက ယခုကဲ့သို့သင်တန်းမျိုး မိတ်ဆက်လာမှုအပေါ် အံ့အားသင့်ကာ စိတ်ပျက်မိကြောင်းလည်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။
နိုင်ငံရေးအရ ဝေဖန်မှုများတွင်လည်း လက်ယာယိမ်း အတိုက်အခံလွှတ်တော်အမတ်များက အမေရိကန်၌ သမ္မတ ဒေါ်နယ်ထရမ့်က စစ်တပ်အတွင်းရှိ 'Woke' ယဉ်ကျေးမှုနှင့် မတူကွဲပြားမှုဆိုင်ရာ (DEI) အစီအစဉ်များကို ပယ်ဖျက်နေချိန်တွင် ပိုလန်အစိုးရက ယခုကဲ့သို့ ပြုလုပ်ခြင်းမှာ ခေတ်နောက်ကျနေပြီဖြစ်ကြောင်း လှောင်ပြောင်ခဲ့ကြသည်။
ထို့အပြင် ကာကွယ်ရေးဝန်ကြီးဟောင်း ဘလက်ရှ်ချက်ကလည်း ယခု ဖြစ်ရပ်သည် ဥရောပသမဂ္ဂ (EU) ၏ ဖိအားပေးမှုကို အရှုံးပေးခြင်းဖြစ်ပြီး အမေရိကန်ကို ဥရောပမှမောင်းထုတ်ရန် ကြိုးပမ်းနေသည့် အကျိုးအကြောင်း မဆီလျော်သူများ၏ ခြိမ်းခြောက်မှုကို အလျော့မပေးသင့်ကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး - ၂
