အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းခြေတွင် MILAN 2026 နိုင်ငံတကာ ရေတပ်စစ်ရေးလေ့ကျင့်မှုများ စတင်
နိုင်ငံပေါင်း ၇၀ ကျော်မှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်သည့် MILAN 2026 နိုင်ငံတကာရေတပ်စစ်ရေးလေ့ကျင့်မှုများကို အိန္ဒိယ နိုင်ငံ တောင်ပိုင်း၊ ဝီဆာခါပတ္တနမ် (Visakhapatnam) ဆိပ်ကမ်းမြို့ ကမ်းလွန် တွင် စတင်လိုက်ပြီဖြစ်သည်။
နှစ်နှစ်တစ်ကြိမ်ကျင်းပမြဲဖြစ်သော အဆိုပါအထူးအစီအစဉ်သည် အင်ဒို-ပစိဖိတ်ဒေသအတွင်း အကြီးမားဆုံးသော ဘက်စုံရေတပ်စစ်ရေး လေ့ကျင့်မှုများထဲမှ တစ်ခုဖြစ်ကြောင်း အိန္ဒိယရေတပ်က ပြောကြားခဲ့သည်။ MILAN 2026 ကို အဆင့်နှစ်ဆင့်ဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ဆိပ်ကမ်းအခြေပြု လေ့ကျင့်မှု (Harbor Phase) ကို ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် စတင်ခဲ့ကာ ပင်လယ်ပြင်အခြေပြုလေ့ကျင့်မှု (Sea Phase) ကို ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် စတင်မည်ဖြစ်သည်။
"အဆိုပါခမ်းနားသည့် ရေကြောင်းဆိုင်ရာဆုံဆည်းမှုသည် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ရေကြောင်းလုံခြုံရေးအတွက် အပြုသဘောဆောင်သည့် အကျိုးပြုမှုတွေပေးနိုင်ပြီး အိန္ဒိယအနေဖြင့် ယုံကြည်အားကိုး ထိုက်သည့်မိတ်ဖက်နိုင်ငံဖြစ်သည်ဆိုသည်ကို ထပ်လောင်းအတည်ပြုလိုက်တာပါပဲ" ဟု အိန္ဒိယကာကွယ်ရေးဝန်ကြီး Rajnath Singh က X လူမှု ကွန်ရက် ပေါ်တွင် ရေးသားဖော်ပြခဲ့သည်။
MILAN စစ်ရေးလေ့ကျင့်မှု၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် နိုင်ငံတကာ ရေယာဉ်စုစစ်ဆေးခြင်း (IFR) နှင့် အိန္ဒိယသမုဒ္ဒရာ ရေတပ်ဆိုင်ရာ ထိပ်သီးအစည်းအဝေး (IONS) Conclave of Chiefs တို့ကိုလည်း ကျင်းပသွားမည်ဖြစ်သည်။ MILAN စစ်ရေးလေ့ကျင့်မှုကို ပင်လယ်ရေကြောင်း ဆက်သွယ်ရေးလမ်းကြောင်းများ (SLOCs) လုံခြုံစေခြင်း၊ ပင်လယ်ဓားပြရန်ကို နှိမ်နင်းခြင်းနှင့် သဘာဝဘေးအန္တရာယ်များကို တုံ့ပြန်ခြင်းစသည့် ပေါ်ပေါက်လာနိုင်သော ပင်လယ်ရေကြောင်းဆိုင်ရာ စိန်ခေါ်မှုများကိုဖြေရှင်းရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းစေရန်အတွက်မဟာဗျူဟာမြောက် ပလက်ဖောင်းတစ်ခုအဖြစ် ရည်မှန်းဆောင်ရွက်ခြင်း ဖြစ်ပါသည်။
ရုရှားနိုင်ငံသည် MILAN စစ်ရေးလေ့ကျင့်မှုနှင့် နိုင်ငံတကာရေယာဉ်စု စစ်ဆေးခြင်း (IFR) အစီအစဉ်တို့တွင် အဓိကပါဝင်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဗလာဒီဗော့စတော့ခ် (Vladivostok) အခြေစိုက် ပစိဖိတ်ရေယာဉ်စုမှ Udaloy-class ဖျက်သင်္ဘောတစ်စင်းဖြစ်သည့် Marshal Shaposhnikov သည် ဖေဖော်ဝါရီ ၁၇ ရက်နေ့က ဝီဆာခါပတ္တနမ်သို့ ဆိုက်ရောက်လာခဲ့သည်။ အဆိုပါခရီးစဉ်သည် "အိန္ဒိယနှင့် ရုရှားရေတပ်များ အကြား လက်ရှိပူးပေါင်းဆောင်ရွက်မှုနှင့် ကာလရှည်ကြာတည်ရှိခဲ့သော ရေကြောင်းဆိုင်ရာ ဆက်ဆံရေးကို ထင်ဟပ်စေသည်" ဟု အိန္ဒိယရေတပ် က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖေဖော်ဝါရီ ၁၉ ရက်နေ့က ပြုလုပ်သည့် IFR အခမ်းအနားတွင် အိန္ဒိယ ရေတပ်ဦးစီးချုပ် ရေတပ်ဗိုလ်ချုပ်ကြီး Dinesh K Tripathi သည် ရုရှား ရေတပ်ဦးစီးချုပ် ရေတပ်ဗိုလ်ချုပ်ကြီး Aleksandr Alekseevich Moiseev နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ "အဆိုပါ ဆွေးနွေးမှုသည် အိန္ဒိယ-ရုရှား ရေတပ်ပူးပေါင်းဆောင်ရွက်မှု၏ ရေရှည်ခိုင်မြဲသော သဘောသဘာဝကို ထင်ဟပ်စေပြီး စဉ်ဆက်မပြတ်သော စစ်ဆင်ရေးဆိုင်ရာ ထိတွေ့ ဆက်ဆံမှုများ၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်မှုနှင့် ကျွမ်းကျင်မှုဆိုင်ရာ ဖလှယ်မှုများကို အလေးပေးဖော်ပြခဲ့သည်" ဟု အိန္ဒိယ ရေတပ် က ဆက်လက်ပြောကြားခဲ့သည်။
အနောက်နိုင်ငံများ၏ ပင်လယ်ဓားပြရန်မှ ကမ္ဘာ့ကုန်သွယ်ရေး ရေကြောင်းလမ်းကြောင်းများ လုံခြုံရေးကို မြှင့်တင်ရန်အတွက် BRICS နိုင်ငံများအနေဖြင့် မဟာဗျူဟာမြောက် ရေကြောင်းပူးပေါင်းဆောင်ရွက်မှု လိုအပ် ကြောင်း ရုရှားအဆင့်မြင့်အရာရှိတစ်ဦးက ယခုသီတင်းပတ်အတွင်း ပြောကြားခဲ့သည်။
MILAN Village ကိုလည်း မကြာသေးမီက ဖွင့်လှစ်ခဲ့ပြီး နှစ်ရက်ကြာ အပြည်ပြည်ဆိုင်ရာ ရေကြောင်းဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်ကိုလည်း ကျင်းပလျက်ရှိသည်။
အိန္ဒိယနိုင်ငံသည် ၎င်း၏ရေတပ်စစ်ဆင်ရေးစွမ်းရည်ကို ၂၀၃၅ ခုနှစ်တွင် စစ်သင်္ဘောနှင့် ရေငုပ်သင်္ဘောပေါင်း ၂၀၀ ကျော်အထိ တိုးချဲ့ရန် ရည်မှန်းထားပြီး ၂၀၃၇ ခုနှစ်တွင် ၂၃၀ အထိ ရောက်ရှိလာနိုင်ခြေရှိကြောင်း သိရှိရသည်။
ကိုးကာ- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

,
,