ပြင်သစ်နှင့် UK ရေတပ်တို့ ပူးပေါင်း၍ ရုရှား၏ Shadow Fleet ရေနံတင်သင်္ဘောတစ်စီးကို ကြားဖြတ်ဖမ်းဆီး

News Image

  • ပြင်သစ်နှင့် UK ရေတပ်တို့ ပူးပေါင်း၍ ရုရှား၏ Shadow Fleet ရေနံတင်သင်္ဘောတစ်စီးကို ကြားဖြတ်ဖမ်းဆီး

UK ရေတပ်၏ ပံ့ပိုးကူညီမှုဖြင့် ပြင်သစ်ရေတပ်သည် ရုရှားအပေါ် ချမှတ်ထားသော နိုင်ငံတကာပိတ်ဆို့အရေးယူမှုများကို ရှောင်လွှဲရန် ကြိုးပမ်းနေသည့် ရုရှား၏ Shadow Fleet အုပ်စုတွင် ပါဝင်သော Tagor အမည်ရှိ ရေနံတင်သင်္ဘောတစ်စီးကို အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ကြားဖြတ်ဖမ်းဆီးလိုက်ကြောင်း ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ထုတ်ပြန်ခဲ့သည်။

အဆိုပါသင်္ဘောသည် ရုရှားနိုင်ငံမြောက်ပိုင်းမှထွက်ခွာလာပြီး ကင်မရွန်း နိုင်ငံအလံကို အယောင်ဆောင်လွှင့်ထူကာ မောင်းနှင်နေခြင်းဖြစ်ပြီး ဖမ်းဆီးရမိချိန်တွင် သင်္ဘောအတွင်း၌ ရေနံစိမ်းများမပါရှိကြောင်း သိရှိရသည်။ 

ဥရောပသမဂ္ဂနှင့်အမေရိကန်တို့၏ ပိတ်ဆို့အရေးယူမှုခံထားရသည့် ၎င်းသင်္ဘောကို ဖမ်းဆီးရခြင်းမှာ လွှင့်ထူထားသည့်အလံ တရားဝင်မှု ရှိ၊ မရှိ စစ်ဆေးရန်ဖြစ်ပြီး သမ္မတ မက်ခရွန်က ယခုကဲ့သို့သော သင်္ဘောများက နိုင်ငံတကာဥပဒေကို ချိုးဖောက်ကာ ယူကရိန်းစစ်ပွဲအတွက် ရုရှားကို ရန်ပုံငွေရှာပေးနေခြင်းနှင့် ပင်လယ်ရေကြောင်း လုံခြုံရေး၊ သဘာဝပတ်ဝန်းကျင်ကို ခြိမ်းခြောက်နေခြင်းတို့အပေါ် ပြင်းထန်စွာ ဝေဖန်ခဲ့သည်။

ရုရှားသည် စစ်ပွဲစရိတ်အတွက် အဓိကဝင်ငွေဖြစ်သော ရေနံရောင်းဝယ်မှုကို ဆက်လက်လုပ်ဆောင်နိုင်ရန် သင်္ဘောအစင်းပေါင်း ရာနှင့်ချီ ပါဝင်သည့် Shadow Fleet များကို အသုံးပြုနေသည်ဟုယူဆရသဖြင့် ပြင်သစ်နိုင်ငံအနေဖြင့် စက်တင်ဘာလနောက်ပိုင်းမှစ၍ ရုရှားနှင့်ဆက်နွှယ်သည့် သင်္ဘော ၃ စီးထက်မနည်းကို ဖမ်းဆီးထိန်းသိမ်းခြင်း၊ ဒဏ်ငွေရိုက်ခြင်းနှင့် တရားစွဲဆိုခြင်းများပြုလုပ်ကာ နှိမ်နင်းမှုများ တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။ 

ထို့အပြင် ပြင်သစ်အစိုးရက စည်းကမ်းမလိုက်နာသည့် သင်္ဘောများအတွက် ပြစ်ဒဏ်များကို နှစ်ဆတိုးမြှင့်ရန် စီစဉ်နေသည်။ တစ်ဖက်တွင်လည်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က အနောက်အုပ်စုနိုင်ငံများ၏ ရုရှားနှင့်ဆက်နွှယ်သော သင်္ဘောများကို ယခုကဲ့သို့ ဖမ်းဆီးထိန်းသိမ်းသည့်လုပ်ရပ်များအပေါ် ‘ပင်လယ်ဓားပြလုပ်ရပ်’ ဟု သတ်မှတ်ကာ ပြင်းပြင်းထန်ထန် ရှုတ်ချထားသည်။

ကိုးကား- Al Jazeera

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး