ပြင်ဆင်ချက်များကြောင့် အမေရိကန်-အီရန် ဆွေးနွေးပွဲ ကြန့်ကြာနေစဉ် စစ်ရေးအရ အပြန်အလှန် ပစ်ခတ်မှုများ ပြန်လည်ဖြစ်ပွား

News Image

  • ပြင်ဆင်ချက်များကြောင့် အမေရိကန်-အီရန် ဆွေးနွေးပွဲ ကြန့်ကြာနေစဉ် စစ်ရေးအရ အပြန်အလှန် ပစ်ခတ်မှုများ ပြန်လည်ဖြစ်ပွား

အရှေ့အလယ်ပိုင်းဒေသတွင် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများကို အဆုံးသတ်ရန်၊ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးရန်နှင့် ဟော်မုဇ်ရေ လက်ကြား ပြန်လည်ဖွင့်လှစ်ရန်အတွက် အမေရိကန်နှင့် အီရန်တို့အကြား နားလည်မှုစာချွန်လွှာမူကြမ်းအပေါ် ညှိနှိုင်းနေကြသော်လည်း မကြာ သေးမီက နှစ်ဖက်အကြား စစ်ရေးအရအပြန်အလှန်တိုက်ခိုက်မှုများ ပြန်လည်ပြင်းထန်လာခဲ့သည်။ 

အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) ၏ ထုတ်ပြန်ချက်အရ နိုင်ငံတကာရေပိုင်နက်ပေါ်တွင် ပျံသန်းနေသော အမေရိကန် MQ-1 ဒရုန်းတစ်စင်းကို အီရန်ဘက်ကပစ်ချခဲ့မှုအပါအဝင် ရန်လိုသော လုပ်ရပ်များကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်တိုက်လေယာဉ်များသည် ပြီးခဲ့သည့် ရက်သတ္တပတ်ကုန်ပိုင်းက အီရန်နိုင်ငံအတွင်းရှိ ရေဒါများ၊ ကွပ်ကဲမှုစခန်းများနှင့် လေကြောင်းရန်ကာကွယ်ရေးစနစ်များကို မိမိကိုယ်ကို ခုခံကာကွယ်သည့် တိုက်ခိုက်မှုများပြုလုပ်ကာ ချေမှုန်းခဲ့သည်။

တစ်ချိန်တည်းမှာပင် အီရန်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ကလည်း ၎င်းတို့၏ ဆီရစ်ခ်ကျွန်းကို တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သည့် အမေရိကန်လေတပ်စခန်းတစ်ခုကို ပြန်လည်တိုက်ခိုက်ခဲ့ကြောင်းကြေညာခဲ့ပြီး ယင်းကြေညာချက်သည် ကူဝိတ်နိုင်ငံက ဒရုန်းနှင့် ဒုံးကျည် တိုက်ခိုက်မှုများကို ကာကွယ်ခဲ့ရကြောင်း သတင်းထုတ်ပြန်ချိန်နှင့် တိုက်ဆိုင်နေသည်။ ဧပြီလဆန်းပိုင်းကစတင်ခဲ့သည့် မရေရာသော အပစ်အခတ်ရပ်စဲရေးကာလအတွင်း ဒေသတွင်းတင်းမာမှုများ စိုးရိမ်ဖွယ်မြင့်တက်နေသော်လည်း လက်ရှိအချိန်အထိ အပစ်အခတ်ရပ်စဲရေး လုံးဝပျက်ပြားသွားခြင်း မရှိသေးပေ။

အဆိုပါ စစ်ရေးအရထိတွေ့မှုများမဖြစ်ပွားမီ သမ္မတ ဒေါ်နယ်ထရမ့်က သဘောတူညီချက်သည် အတော်အတန် အပြီးသတ်လုနီးပါးဖြစ်နေပြီဟု ပြောကြားခဲ့သော်လည်း ပြီးခဲ့သည့် သောကြာနေ့ (မေ ၂၉) အကြံပေးများနှင့် အစည်းအဝေးအပြီးတွင် သဘောတူညီချက်မူကြမ်းအပေါ် ပြင်ဆင်ချက်အချို့ ထပ်မံတောင်းဆိုလိုက်ခြင်းကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ နောက်ထပ်တစ်ပတ်အထိ ကြန့်ကြာသွားခဲ့ရသည်။ ထရမ့်အနေဖြင့် အီရန်၏ နျူကလီးယားကတိကဝတ်များနှင့် ဟော်မုဇ် ရေလက်ကြား ဖွင့်လှစ်ရေးတို့တွင် ပိုမိုတင်းကျပ်သော စာသားများ ထည့်သွင်းရန် အခိုင်အမာတောင်းဆိုထားပြီး အိုဘားမားလက်ထက်ကဲ့သို့ အီရန်အပေါ် ငွေကြေးအရသက်သာခွင့် အလွန်အကျွံပေးမိမည်ကို စိုးရိမ်လျက်ရှိသည်။ 

ထရမ့်က အမေရိကန်အနေဖြင့် အီရန်၏ သန့်စင်ပြီး ယူရေနီယံ သိုလှောင်မှုများကို သိမ်းဆည်းဖျက်ဆီးမည်ဟု လူမှုကွန်ရက်တွင် ဆိုထားသော်လည်းအီရန်ဘက်ကမူ လက်ရှိဆွေးနွေးပွဲတွင် နျူကလီးယားအသေးစိတ်ကိုထည့်သွင်းဆွေးနွေးမည်မဟုတ်ကြောင်းနှင့် သဘောတူညီချက်တွင်ထိန်းချုပ်ထားသောပိုင်ဆိုင်မှုများကို ပြန်လည်ပေးအပ်ရေးကိစ္စ ပါဝင်ရမည်ဟု တုံ့ပြန်ထားရာ နှစ်ဖက်အကြား ကွဲလွဲမှုများရှိနေဆဲဖြစ်သည်။ 

ထို့ပြင် အီရန်လွှတ်တော်ဥက္ကဋ္ဌ ဂါလီဘတ်ကလည်း မိမိတို့၏ အခွင့်အရေးများ အပြည့်အဝမရမချင်း ရန်သူ၏ ကတိကဝတ်များကို ယုံကြည်မည်မဟုတ်ကြောင်း ပြောကြားထားသည်။ အထက်လွှတ်တော်အမတ် ခရစ်ကိုးန်စ်ကလည်း ထရမ့်၏ အစီအစဉ်သည် စာရွက်ပေါ်တွင် ကောင်းမွန် သော်လည်း အီရန်၏ ဒရုန်းနှင့်ရေမြှုပ်ဗုံးစွမ်းရည်များကြောင့် ဟော်မုဇ် ရေလက်ကြားကို လက်တွေ့ကာကွယ်ရန် တင်းကျပ်သော သဘောတူညီ ချက်မျိုး လိုအပ်လိမ့်မည်ဟု ထောက်ပြထားသည်။

လက်ရှိတွင် အမေရိကန်သည် အီရန်ဆိပ်ကမ်းများကို စစ်ရေးအရ ဆက်လက် ပိတ်ဆို့ထားဆဲဖြစ်ပြီး မကြာသေးမီကပင် ပိတ်ဆို့မှုကိုချိုးဖောက်သည့် ဂမ်ဘီယာအလံတင် ကုန်တင်သင်္ဘောတစ်စင်းကို ဗုံးကြဲတားဆီးခဲ့ရာ ယင်းသည် ပိတ်ဆို့မှုစတင်ကတည်းက ပဉ္စမမြောက်တားဆီးခံရသည့် ကုန်သွယ်မှုသင်္ဘောဖြစ်သည်။

အဆိုပါစစ်ပွဲနှင့် ရေလမ်းကြောင်းပိတ်ဆို့မှုများကြောင့် ကမ္ဘာ့စွမ်းအင်ကုန်သွယ်မှုကို ထိခိုက်စေကာ အမေရိကန်ပြည်တွင်း၌ စက်သုံးဆီ စျေးနှုန်း များ သိသိသာသာမြင့်တက်လျက်ရှိပြီး မဟာဗျူဟာမြောက် ရေနံသိုလှောင်မှု (SPR) မှ ရေနံစည်သန်းနှင့်ချီ၍ စံချိန်တင်ထုတ်ယူ သုံးစွဲနေရသည်။ အမျိုးသားစီးပွားရေးကောင်စီ ညွှန်ကြားရေးမှူး ကီဗင်ဟာဆက်က အစိုးရနှင့် ပုဂ္ဂလိကတွင် အရန်ရေနံစည် ဘီလီယံနှင့်ချီ၍ရှိနေသေးသဖြင့် ရေနံစျေးနှုန်းကိုထိန်းညှိနိုင်ပြီး ထရမ့်၏ စည်းကမ်းချက်များကို အီရန် လက်ခံလာစေရန် ဖိအားဖြစ်စေကြောင်း၊ သဘောတူညီချက်ရရှိပါက ရေနံစျေးကွက် ပုံမှန်ပြန်ဖြစ်ရန် နှစ်လခန့် ကြာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

စွမ်းအင်စျေးနှုန်းကြီးမြင့်မှုကြောင့် အမေရိကန်ပြည်သူအများစုက စီးပွားရေးအခြေအနေအပေါ် စိတ်ပျက်မှုများရှိနေသော်လည်း ဟာဆက် ကမူ လုပ်ခလစာတိုးတက်မှုနှင့် စတော့စျေးကွက်အခြေအနေများကြောင့် ပြည်သူများ၏ လက်ဝယ်တွင် ငွေကြေးပိုမိုကျန်ရှိနေဆဲဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့ပြီး စီးပွားရေးအလားအလာအပေါ် အကောင်းမြင်နေဆဲဖြစ်သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး