ဗင်နီဇွဲလားနိုင်ငံက နိုင်ငံရေးလွတ်ငြိမ်းချမ်းသာခွင့်ဥပဒေကို အတည်ပြုပြဋ္ဌာန်း
ဗင်နီဇွဲလားနိုင်ငံ၏ ယာယီသမ္မတ Delcy Rodriguez သည် နိုင်ငံရေး မငြိမ်မသက်မှုများတွင် ပါဝင်မှုကြောင့် ပြစ်ဒဏ်ကျခံနေရသူများကို ချက်ချင်းလွတ်ငြိမ်းချမ်းသာခွင့်ပေးရန် ရည်ရွယ်သည့် လွတ်ငြိမ်း ချမ်းသာခွင့် ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းလိုက်သည်။
ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သော အဆိုပါဥပဒေကို Rodriguez က ယာယီသမ္မတအဖြစ် ခန့်အပ်ခံရပြီး သီတင်းပတ် အနည်းငယ် အကြာ ဇန်နဝါရီလအတွင်းကတည်းက တရားဝင် အဆိုပြုခဲ့ခြင်း ဖြစ်သည်။ အမေရိကန်တပ်ဖွဲ့များက သမ္မတ Nicolas Maduro ကို ဖမ်းဆီး ခေါ်ဆောင် သွားပြီးနောက် Rodriguez က ရာထူးကို ဆက်ခံခဲ့ခြင်းဖြစ်သည်။ Maduro သည် လက်ရှိတွင် မူးယစ်ဆေးဝါး အကြမ်းဖက်မှု၊ ကိုကင်းမှောင်ခိုမှုနှင့် လက်နက်မှုများဖြင့် အမေရိကန်၏ စွဲချက်များကို ရင်ဆိုင်နေရ သော်လည်း ၎င်းကမူ ထိုစွဲချက်များကို လုံးဝငြင်းဆိုထားသည်။
Rodriguez ခန့်အပ်ခံရပြီး မကြာမီမှာပင် အမေရိကန်သမ္မတ Donald Trump က သူမအနေဖြင့် “မှန်ကန်သောအရာကို မလုပ်ဆောင်ပါက Maduro ထက်ပင် ကြီးမားသော ပေးဆပ်မှုမျိုး ကြုံတွေ့ရနိုင်သည်” ဟု သတိပေးခဲ့သည်။ အစပိုင်းတွင် Rodriguez က မည်သည့် “နိုင်ငံခြား ကိုယ်စားလှယ်” ကမျှ ဗင်နီဇွဲလားကို ထိန်းချုပ်နိုင်မည်မဟုတ်ကြောင်း အာခံပြောဆိုခဲ့သော်လည်း နောက်ပိုင်းတွင် ဗင်နီဇွဲလား၏ရေနံကဏ္ဍကို အမေရိကန်ကုမ္ပဏီများအတွက် ဖွင့်လှစ်ပေးခြင်းနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းတို့အပါအဝင် အမေရိကန်၏ တောင်းဆိုချက် များကို လိုက်လျောရန် လုပ်ဆောင်လာခဲ့သည်။
အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေသည် ၁၉၉၉ ခုနှစ်မှ ၂၀၂၆ ခုနှစ် အတွင်း ကာလကို အကျုံးဝင်စေပြီး ကွယ်လွန်သူ သမ္မတ Hugo Chavez ကို ၂၀၀၂ ခုနှစ်က အာဏာသိမ်းရန် ကြိုးပမ်းမှုနှင့် နောက်ဆက်တွဲ ရေနံ သပိတ်များမှသည် ၂၀၂၄ ခုနှစ် Maduro ပြန်လည် အရွေးခံရမှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများအထိ သတ်မှတ်ထားသော ဖြစ်ရပ်များ ပါဝင်သည်။
"လူဆိုသည်မှာ ခွင့်လွှတ်မှု မည်ကဲ့သို့ တောင်းခံရမလဲဆိုသည်ကို သိရ သလို၊ ခွင့်လွှတ်မှုကို မည်ကဲ့သို့ လက်ခံရမလဲဆိုသည်ကိုလည်း သိထားရပါမည်" ဟု Rodriguez က အဆိုပါစာတမ်းကို တင်သွင်းစဉ် ပြောကြားခဲ့သည်။ အဆိုပါဥပဒေသည် အစိုးရပြန်တမ်းတွင် ထည့်သွင်း ကြေညာပြီးသည်နှင့် အတည်ဖြစ်မည်ဖြစ်သည်။ သို့သော်လည်း ကြီးလေးသော လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ၊ စစ်ရာဇဝတ်မှုများ၊ ရည်ရွယ်ချက်ရှိရှိ လူသတ်မှုများ၊ အဂတိလိုက်စားမှုနှင့် မူးယစ်ဆေးဝါး မှောင်ခိုမှု စသည့် ပြစ်မှုများသည် အဆိုပါဥပဒေတွင် အကျုံးမဝင်ပေ။
အမေရိကန်သည် ဗင်နီဇွဲလား၏ များစွာသော ရေနံသယံဇာတများကို ထိန်းချုပ်ရန် ပေါ်ပေါ်ထင်ထင် ကြိုးပမ်းလျက်ရှိသည်။ ဗင်နီဇွဲလားသည် ကမ္ဘာ့အကြီးဆုံး အရန်ရေနံပမာဏကို ပိုင်ဆိုင်ထားပြီး ၎င်းမှာ တစ်ကမ္ဘာလုံး ရှိ စုစုပေါင်းပမာဏ၏ ငါးပုံတစ်ပုံခန့် ရှိသည်။ အမေရိကန် စွမ်းအင် ဝန်ကြီး Chris Wright က ဗင်နီဇွဲလားရေနံအပေါ် နှစ်ပေါင်းများစွာ ချမှတ်ထားသော အမေရိကန်၏ ပိတ်ဆို့မှုများမှာ အခြေခံအားဖြင့် ပြီးဆုံး သွားပြီဖြစ်ကြောင်း ယခုလအစောပိုင်းတွင် ကြေညာခဲ့ပြီး ရေနံထုတ်လုပ်မှု ကို သိသိသာသာတိုးမြှင့်ရန် တောင်းဆိုခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
