အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တစ်ကမ္ဘာလုံးဆိုင်ရာ သွင်းကုန်အခွန်ကို ၁၅ ရာခိုင်နှုန်းသို့ တိုးမြှင့်သတ်မှတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ၎င်းအသစ် သတ်မှတ် လိုက်သော တစ်ကမ္ဘာလုံးဆိုင်ရာ သွင်းကုန်အခွန် (Global Import Tariff) ကို ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်း အထိ တိုးမြှင့်လိုက်ကြောင်း စနေနေ့ (ဖေဖော်ဝါရီ ၂၁) တွင် ကြေညာခဲ့သည်။ အဆိုပါသို့တိုးမြှင့်ခြင်းမှာ ၎င်းယခင် က ချမှတ်ခဲ့သော သွင်းကုန်အခွန်အများစုကို အမေရိကန် တရားရုံးချုပ် က ပယ်ချလိုက်ပြီးနောက် တစ်ရက်အကြာတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ပြီးခဲ့သည့် သောကြာနေ့ (ဖေဖော်ဝါရီ ၂၀) က တရားရုံးချုပ်၏ ဆုံးဖြတ်ချက် တွင် ၁၉၇၇ ခုနှစ် နိုင်ငံတကာ အရေးပေါ်စီးပွားရေးလုပ်ပိုင်ခွင့် အက် ဥပဒေ (IEEPA) သည် နိုင်ငံတိုင်းနီးပါးအပေါ် "အပြန်အလှန် အကျိုးပြုသော သွင်းကုန်အခွန်များ" (Reciprocal Tariffs) စည်းကြပ်ရန် သမ္မတ အား လုပ်ပိုင်ခွင့် ပေးမထားကြောင်း ဖော်ပြခဲ့သည်။ သို့သော် သမ္မတ ထရမ့်က ၎င်း၏ အစီအစဉ်ကို နောက်ဆုတ်မည့်အစား ၁၉၇၄ ခုနှစ် ကုန်သွယ်ရေး အက်ဥပဒေအောက်ရှိ သီးခြားဥပဒေတစ်ခုကို အသုံးပြု ကာ ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သတ်မှတ်ခြင်းဖြင့် တုံ့ပြန်ခဲ့ပြီး၊ တရားရုံး ၏ ဆုံးဖြတ်ချက်မှာ အမေရိကန် ဆန့်ကျင်ရေးဆန်ပြီး ရယ်စရာ ကောင်း သည် ဟု ပြစ်တင်ဝေဖန်ခဲ့သည်။
အဆိုပါ ၁၉၇၄ ခုနှစ် ဥပဒေအရ သမ္မတသည် သွင်းကုန်အခွန်များကို ရက်ပေါင်း ၁၅၀ အထိ စည်းကြပ်ပိုင်ခွင့်ရှိကာ၊ ထိုထက်ပို၍ သက်တမ်းတိုးလိုပါက အမေရိကန် လွှတ်တော် (Congress) ၏ အတည်ပြုချက် လိုအပ်မည်ဖြစ်သည်။ ထရမ့်က ၎င်းတို့အနေဖြင့် "လုပ်ဆောင် လိုသည်များကို လုပ်ပိုင်ခွင့်ရှိသည်" ဟု သတင်းထောက်များအား ပြောကြားခဲ့ပြီး လာမည့်လများအတွင်း ဥပဒေကြောင်းအရ ခွင့်ပြုထားသော အခြား သွင်းကုန်အခွန်သစ်များကို စည်းကြပ်ရန်နှင့် မမျှတသော နိုင်ငံခြား ကုန်သွယ်မှုများကို စုံစမ်းစစ်ဆေးရန် နည်းလမ်းများ ရှာဖွေသွားမည်ဟု ဆိုသည်။
ယမန်နှစ်က အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိလာပြီးနောက် ထရမ့် သည် ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့အပေါ် ၂၅ ရာခိုင်နှုန်း သွင်းကုန်အခွန် စည်းကြပ်ခဲ့သကဲ့သို့ အမေရိကန်အပေါ် ‘ခေါင်းပုံဖြတ်နေသည်’ ဟု ၎င်း ယူဆသော အခြားနိုင်ငံများအပေါ်တွင်လည်း ၁၀ ရာခိုင်နှုန်း အခြေခံ အခွန် သတ်မှတ်ခဲ့သည်။ ထို့အပြင် အဆိုပါသွင်းကုန်အခွန်မူဝါဒကို နိုင်ငံရေးအရ အသာစီးရယူရန်အတွက်လည်း အသုံးပြုခဲ့ပြီး၊ အထူးသဖြင့် ဒိန်းမတ် နိုင်ငံထံမှ ဂရင်းလန်းကျွန်း (Greenland) ကို သိမ်းပိုက်မည့် ၎င်း၏ အစီအစဉ်ကို ကန့်ကွက်သည့် ဥရောပနိုင်ငံများကို ထပ်ဆောင်း သွင်းကုန် အခွန်များဖြင့် ခြိမ်းခြောက်ခဲ့ကြောင်း သိရှိရသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
