ချင်းမိုင်ရှိ တိရစ္ဆာန်ဥယျာဉ်နှစ်ခုတွင် ရောဂါကူးစက်ပျံ့နှံ့မှုကြောင့် ကျား ၇၂ ကောင် သေဆုံး
ယခုလအတွင်း ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ တိရစ္ဆာန်ဥယျာဉ်နှစ်ခုတွင် ကျား ၇၂ ကောင် သေဆုံးခဲ့ပြီး၊ ၎င်းမှာ ခွေးကူးစက်ရောဂါ (Canine Distemper) ဖြစ်စေသည့် ဗိုင်းရပ်စ်ကြောင့် ဖြစ်နိုင်ကြောင်း သိရှိရသည်။ ဖေဖော်ဝါရီ လ ၈ ရက်နေ့မှ ၁၉ ရက်နေ့အတွင်း ချင်းမိုင်မြို့ရှိ Mae Rim Tiger Park တွင် ကျား ၂၁ ကောင်နှင့် Mae Taeng ရှိ အခြားနေရာတစ်ခုတွင် ကျား ၅၁ ကောင်တို့ ရုတ်တရက် သေဆုံးခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံ တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက အဆိုပါ သေဆုံးမှုများသည် ကြောင်မျိုးနွယ်ဝင် သတ္တဝါကြီးများကိုပါ ကူးစက်နိုင်သော ခွေးကူးစက်ရောဂါဗိုင်းရပ်စ်ကြောင့် ဖြစ်သည်ဟု ယုံကြည်ထားသော်လည်း၊ ချင်းမိုင်ရှိ တိရစ္ဆာန်ဆေးကုဆရာဝန်များကမူ အပြီးသတ် ကောက်ချက်မချမီ ပိုမိုစေ့စပ်သေချာသော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် တောင်းဆိုထားကြသည်။ ၎င်းတို့က ကြောင်သွေးကင်ဆာရောဂါ သို့မဟုတ် ကြက်ငှက်တုပ်ကွေးကဲ့သို့သော အခြားရောဂါများ ရှိ၊ မရှိ သေချာစေရန် ဘက်စုံ စစ်ဆေးမှုများ ပြုလုပ်ပြီးမှသာ အတည်ပြုရန် အကြံပြုထားသည်။
ခရိုင်အာဏာပိုင်များသည် အဆိုပါ နေရာနှစ်ခုသို့ ပံ့ပိုးပေးထားသည့် အစားအစာများကို ဓာတ်ခွဲစမ်းသပ်ထားသည့် ရလဒ်များကို စောင့်ဆိုင်းလျက်ရှိပြီး သက်ဆိုင်ရာဌာနများကလည်း ရောဂါထိန်းချုပ်ရေး လုပ်ငန်းစဉ် များကို တိုးမြှင့်လုပ်ဆောင်နေကြသည်။
သေဆုံးသွားသည့် ကျား ၇၂ ကောင်စလုံး၏ ရုပ်အလောင်းများကို တာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် မီးသင်္ဂြိုဟ်ခြင်းနှင့် မြေမြှုပ်ခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်သည်။ ၎င်းကျားများသည် ထိုင်းနိုင်ငံတွင် ကာကွယ်စောင့်ရှောက်ထားသော မျိုးစိတ်များဖြစ်ပြီး တစ်ကောင်ချင်းစီကို မိုက်ခရိုချစ်ပ် (Microchip) တပ်ဆင်၍ မှတ်ပုံတင်ထားခြင်းဖြစ်သည်။ ရောဂါကူးစက်ပြန့်ပွား နိုင်သည့်အန္တရာယ်ရှိသောကြောင့် ကျားအစိတ်အပိုင်းများကို မည်သည့် ရည်ရွယ်ချက်ဖြင့်မျှ သိမ်းဆည်းထားခြင်းမပြုရန် အာဏာပိုင်များက အလေးအနက် သတိပေးထားသည်။
ထို့ပြင် တောရိုင်းတိရစ္ဆာန်များတွင် ဖြစ်ပွားသော အချို့သော ရောဂါများသည် လူသားများထံသို့ ကူးစက်နိုင်ကြောင်း ထိုင်းအာဏာပိုင်များက သတိပေးထားသည်။ လက်ရှိတွင် Mae Taeng ရှိ နေရာကို ဝင်ရောက်ခွင့် ကန့်သတ်ထားပြီး အဝင်အထွက်ပြုလုပ်သည့် ဝန်ထမ်းများနှင့် ယာဉ်များကိုလည်း ပိုးသတ်ခြင်းများ ပြုလုပ်ရမည်ဖြစ်သည်။ ရောဂါထိန်းချုပ်ရေးဦးစီးဌာနသည် ဖေဖော်ဝါရီလ ၈ ရက်မှ ၁၉ ရက်အတွင်း ကျားများနှင့် အနီးကပ်ထိတွေ့မှုရှိခဲ့သူ ၁၀၈ ဦးကို စောင့်ကြည့်စစ်ဆေးလျက်ရှိသည်။ လတ်တလောတွင် ပုံမှန်မဟုတ်သော ရောဂါလက္ခဏာတစ်စုံတစ်ရာ မတွေ့ရှိရသေးသော်လည်း အနည်းဆုံး ၂၁ ရက်ကြာ ဆက်လက် စောင့်ကြည့် သွားမည်ဖြစ်သည်။
လတ်တလောတွင် Mae Rim နှင့် Mae Taeng ရှိ နေရာများ၌ ကျား ၁၂၄ ကောင် ကျန်ရှိနေသေးသည်။ ယခုဖြစ်ရပ်သည် သမိုင်းတစ်လျှောက် ကျားများ အစုလိုက်အပြုံလိုက် သေဆုံးမှုများထဲတွင် အကြီးမားဆုံး တစ်ခုလည်း ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၀၄ ခုနှစ်ကလည်း ထိုင်းနိုင်ငံ အရှေ့ပိုင်း Chonburi ခရိုင်ရှိ Sriracha Tiger Zoo တွင် ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားခဲ့ဖူးပြီး ရောဂါပြန့်ပွားမှုကို ကာကွယ်ရန်အတွက် ကျား ၄၄၁ ကောင်အနက် ၁၄၇ ကောင်အား သုတ်သင်ရှင်းလင်းခဲ့ရသည်။ထိုစဉ်က အစားအစာအဖြစ် ကျွေးမွေးခဲ့သော အသားစိမ်းများသည် ရောဂါကူးစက်မှု၏ အဓိကရင်းမြစ်ဖြစ်ကြောင်း ယူဆခဲ့ကြသည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
