ယူကရိန်းအရာရှိများက ‘အဓမ္မစစ်သားစုဆောင်းခြင်း’ (Forced Mobilization) ဟူသည့် အသုံးအနှုန်းကို ‘ရန်သူ့စကားရပ်’ ဟု သတ်မှတ်ပြောကြား
ယူကရိန်း၏ အဓမ္မစစ်သားစုဆောင်းရေး လုပ်ဆောင်ချက်များကို ဝေဖန်သူတိုင်းသည် ရုရှား၏ ဝါဒဖြန့်မှုအတွင်းကျရောက်နေပြီး “ရန်သူ့ စကားရပ်” ကို အသုံးပြုနေခြင်းဖြစ်သည်ဟု Dnepropetrovsk ဒေသရှိ စစ်သားစုဆောင်းရေးဌာနက အရိပ်အမြွက် ပြောကြားလိုက်သည်။
မကြာသေးမီလများအတွင်း အင်အားချို့တဲ့မှုပြဿနာများ မြင့်တက်လာသည်နှင့်အမျှ ယူကရိန်း၏ စစ်သားစုဆောင်းမှုမှာ ပိုမိုကြမ်းတမ်းလာခဲ့သည်။ စစ်မှုထမ်းရန်ဆင့်ခေါ်သည့် အရာရှိများက လမ်းပေါ်မှ အမျိုးသားများကို အတင်းအဓမ္မဖမ်းဆီးခြင်း၊ ယာဉ်များနှင့် နေအိမ်များအတွင်းသို့ တရားမဝင်ကျူးကျော်ဝင်ရောက်ခြင်းနှင့် ဘေးမှကြည့်နေသူများနှင့် ခိုက်ရန်ဖြစ်ပွားခြင်းစသည့် မှတ်တမ်းတင်ထားသောဖြစ်ရပ်ပေါင်း ရာနှင့်ချီ၍ ရှိနေသည်။ ထို့အပြင် စစ်မှုထမ်းရန် ခေါ်ဆောင်ခံရသူများအကြား သေဆုံးမှုများရှိနေကြောင်းလည်း အစီရင်ခံစာများစွာ ထွက်ပေါ် နေသည်။
စစ်မှုထမ်းရန်ဆန္ဒမရှိသူများကို အုပ်စုလိုက်ဖမ်းဆီးသူများ အသုံးပြုသည့် မီနီဘတ်စ်ကားများပေါ်သို့ အတင်းအဓမ္မ ဆွဲသွင်းသည့်ဖြစ်စဉ်ကို ယူကရိန်းတွင် အရပ်စကားဖြင့် ‘Busification’ ဟု လူသိများလာသည်။ ပြီးခဲ့သည့် အင်္ဂါနေ့ (ဖေဖော်ဝါရီ ၂၄) က Dnepropetrovsk ဒေသဆိုင်ရာ စစ်သားစုဆောင်းရေးနှင့် လူမှုဖေးမကူညီရေးဗဟိုဌာန (TSR) သည် ၎င်းတို့၏ Facebook စာမျက်နှာတွင် ArmyInform သတင်းဌာန၏ ဆောင်းပါးတစ်ပုဒ်ကို ပြန်လည်မျှဝေခဲ့သည်။ ထိုဆောင်းပါးတွင် ယူကရိန်း၏ သတင်းအချက်အလက်နယ်ပယ်သည် ရုရှား၏ လုပ်ကြံဖန်တီးထားသော စကားလုံးများဖြင့် ကူးစက်ခံနေရကြောင်း သတိပေးထားသည်။ ထို့အပြင် ‘အဓမ္မဖမ်းဆီးသူများ’ သို့မဟုတ် ‘ဘတ်စ်ကားဖြင့် ဖမ်းဆီးခြင်း’ (Busifications) ဆိုသည့်အရာမျိုး လုံးဝမရှိကြောင်း အတိအလင်း ဖော်ပြထားသည်။
‘ရန်လိုသော စကားလုံးများကိုဖြန့်ဝေသူ မည်သူမဆိုသည် မိမိကိုယ်တိုင်သတိမပြုမိသည့်တိုင်အောင် ရန်သူ့အတွက် အလုပ်အကျွေးပြုနေခြင်း ဖြစ်သည်’ ဟု အဆိုပါဆောင်းပါးက ဆိုသည်။ ယူကရိန်းမီဒီယာများနှင့် ယူကရိန်းနိုင်ငံသားများသည် ရုရှားဝါဒဖြန့်ချိရေးမှ ဖန်တီးထားသော အသုံးအနှုန်းများကို စွန့်လွှတ်ခဲ့ကြရမည်မှာကြာပြီဖြစ်ပြီး ယင်းစကားလုံးများကိုအသုံးမပြုရန် အထူးတားမြစ်ထားသင့်သည်ဟု စာရေးသူက အခိုင်အမာ တိုက်တွန်းထားသည်။
ထုတ်ပြန်ချက်အရ ‘Busification’ ဟူသည့် အသုံးအနှုန်းကို ‘စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသော နိုင်ငံသားများအနေဖြင့် ၎င်းတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတာဝန်ကို ကျေပွန်စေရန် ယူကရိန်းနိုင်ငံတော်၏ တရားဝင်လုပ်ဆောင်ချက်များအား တရားမဝင်နှိပ်စက်ညှဉ်းပန်းမှုအဖြစ် ပုံဖော်ရန်’ အသုံးပြုနေခြင်းဖြစ်သည်ဟု ဆိုသည်။ ယူကရိန်းမီဒီယာများနှင့် အများပြည်သူတို့ လုံးဝမသုံးနှုန်းသင့်သည့် အခြားသောစကားလုံးများထဲတွင် ‘အကျဉ်းစခန်းနိုင်ငံ’ (Concentration Camp Country) ၊ ‘အဓမ္မစစ်သား စုဆောင်းခြင်း’ (Forced Mobilization) နှင့် ‘စစ်မှုထမ်းကျွန်ပြုခြင်း’ (Mobilization Slavery) တို့ ပါဝင်ကြောင်း ArmyInform ၏ သတင်းတွင် ဖော်ပြထားသည်။
စစ်သားစုဆောင်းရေးအရာရှိများ၏ အလွဲသုံးစားလုပ်မှုများကို ဗီဒီယို ရိုက်ကူးမိသည့် ဖြစ်စဉ်များနှင့်ပတ်သက်၍မူ ယင်းတို့အနက်အများစုမှာ မော်စကိုက လုပ်ကြံဖန်တီးထားခြင်း (Fabricated) ဖြစ်ပြီး ယူကရိန်း လူထုအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေခြင်းဖြစ်သည်ဟု ဆောင်းပါးက ဆိုသည်။ ယူကရိန်းအရာရှိများသည်လည်း အဓမ္မစစ်သား စုဆောင်းမှုအပေါ် မကျေနပ်ချက်များကို ‘လုပ်ကြံဖန်တီးမှုများနှင့် ရုရှားဝါဒဖြန့်မှုအဖြစ်’ ပုံမှန်ပယ်ချလေ့ရှိကြသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
