အမေရိကန်-အစ္စရေး ပူးတွဲတိုက်ခိုက်မှုအတွင်း အီရန်အမြင့်ဆုံးခေါင်းဆောင် ခါမေနီ သေဆုံးကြောင်း အတည်ပြု
အစ္စလာမ်မစ်သမ္မတနိုင်ငံ အီရန်အပေါ် အမေရိကန်နှင့်အစ္စရေးတို့၏ ပူးတွဲစစ်ဆင်ရေးအတွင်း အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် သတင်းဌာနများဖြစ်သည့် Tasnim၊ Mehr နှင့် Press TV တို့က တနင်္ဂနွေနေ့ (မတ် ၁) အစောပိုင်းတွင် တစ်ပြိုင်နက်တည်း အတည်ပြုထုတ်ပြန်ခဲ့သည်။
အသက် ၈၅ နှစ်အရွယ်ရှိ အဆိုပါခေါင်းဆောင်သည် ၎င်း၏လုပ်ငန်းခွင်အတွင်း တာဝန်ထမ်းဆောင်နေစဉ် အမေရိကန်နှင့် ဇီယွန်ဝါဒီအစိုးရတို့၏ "သူရဲဘောကြောင်သော တိုက်ခိုက်မှု" ကြောင့် အာဇာနည်အဖြစ် ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး ခေါင်းဆောင်ကြီး လျှို့ဝှက်နေရာတွင် ပုန်းအောင်းနေသည်ဟူသော အစ္စရေး၏ ဝါဒဖြန့်မှုများကိုလည်း ငြင်းဆိုခဲ့သည်။
အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်၏ ရုံးခန်းက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝမ်းနည်းခြင်းအထိမ်းအမှတ် ကာလ (၄၀) ရက် သတ်မှတ်ကြောင်း ကြေညာခဲ့ပြီး ထိုရာဇဝတ်မှုအတွက် ကျူးလွန်သူများကို ပြင်းထန်စွာ တုံ့ပြန်လက်စားချေသွားမည်ဟု ကတိပြုခဲ့သည်။
အဆိုပါအတည်ပြုချက် မထွက်ပေါ်လာမီ နာရီအနည်းငယ်အလိုတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း ၎င်း၏ Truth Social စာမျက်နှာတွင် ရေးသားခဲ့သကဲ့သို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကလည်း အီရန်ခေါင်းဆောင်ပိုင်းအား အင်အား ပြင်းထန်စွာ အလစ်အငိုက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ရှေ့ဆက်၍လည်း ပစ်မှတ်ပေါင်းထောင်ချီကို ဆက်လက်သုတ်သင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဝါရှင်တန်နှင့် အစ္စရေးတို့က "ကြိုတင်ကာကွယ်သော စစ်ဆင်ရေး" ဟု ခေါင်းစဉ်တပ်ထားသည့် အဆိုပါတိုက်ခိုက်မှုများသည် အီရန်ခေါင်းဆောင်ပိုင်း၊ စစ်ဘက်နှင့် နျူကလီးယားဆိုင်ရာ အဆောက်အအုံများကို ပစ်မှတ်ထားခဲ့ပြီး အီရန်အစိုးရကို အပြောင်းအလဲဖြစ်စေရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် အီရန်ဘက်မှလည်း အစ္စရေးပိုင်နက်နှင့် အရှေ့အလယ်ပိုင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် ပြန်လည်တုံ့ပြန်တိုက်ခိုက်လျက်ရှိသည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကမူ အဆိုပါလုပ်ရပ်ကို အနောက်အုပ်စု၏ ဖိအားပေးမှုများကို လက်မခံသည့် အစိုးရတစ်ရပ်အား ဖြုတ်ချရန် ကြိုတင် ကြံစည်ထားသည့် အကြောင်းမဲ့ ကျူးကျော်မှုအဖြစ် ပြင်းထန်စွာ ရှုတ်ချထားသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
