အိန္ဒိယနှင့် ကနေဒါ နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်စတင်ပြီး စွမ်းအင်နှင့်စီးပွားရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူ
အိန္ဒိယနှင့် ကနေဒါနိုင်ငံတို့သည် လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း တင်းမာခဲ့သော နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်မြှင့်တင်ရန် သဘောတူညီခဲ့ကြပြီး အရေးပါသော စွမ်းအင်နှင့် ကုန်သွယ်ရေးဆိုင်ရာ ပဋိညာဉ်များကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ကနေဒါဝန်ကြီးချုပ် မာ့ခ် ကာနေ၏ အိန္ဒိယခရီးစဉ်အတွင်း နယူးဒေလီမြို့၌ နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံခဲ့ကြပြီးနောက် အိန္ဒိယ၏ နျူကလီးယားစွမ်းအင်ကဏ္ဍအတွက် ဒေါ်လာ ၁.၉ ဘီလီယံတန်ဖိုးရှိ ယူရေနီယံ ထောက်ပံ့ရေး သဘောတူညီချက်အပါအဝင် သန့်ရှင်းသောစွမ်းအင်၊ လေစွမ်းအင်နှင့် ဟိုက်ဒရိုဂျင်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ကြသည်။
စီးပွားရေးအရ ၂၀၃၀ ပြည့်နှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀ အထိ နှစ်ဆတိုးမြှင့်ရန်ရည်မှန်းထားပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ဈေးကွက်ဝင်ရောက်မှု ပိုမိုကောင်းမွန်စေမည့် ကုန်သွယ်ရေး မူဘောင်များကိုလည်း ချမှတ်နိုင်ခဲ့သည်။ ထို့အပြင် ပင်လယ်ရေကြောင်း လုံခြုံရေးဆိုင်ရာ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုများနှင့် ပညာရေးကဏ္ဍတွင် တက္ကသိုလ်များအကြား မိတ်ဖက်ပြုမှုအသစ် ၁၃ ခုကိုလည်း 'ကနေဒါ-အိန္ဒိယ အရည်အချင်းနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ မဟာဗျူဟာ' အောက်တွင် တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်သည်။
နှစ်နိုင်ငံဆက်ဆံရေးသည် ၂၀၂၃ ခုနှစ် G20 ထိပ်သီးအစည်းအဝေးနောက်ပိုင်း အစွန်းရောက်အဖွဲ့များ၏ လှုပ်ရှားမှုများနှင့် သံတမန်ရေးရာ စွပ်စွဲချက်များကြောင့် အဆိုးရွားဆုံးအခြေအနေသို့ ရောက်ရှိခဲ့သော်လည်း ယခုအခါ နှစ်နိုင်ငံစလုံးက သံတမန်အင်အားကို ပြန်လည်တိုးမြှင့်ကာ ဆက်ဆံရေးကို အသစ်ပြန်လည်စတင်ရန် (Reset) ဆုံးဖြတ်ခဲ့ကြသည်။ ကနေဒါအစိုးရဘက်ကလည်း ၎င်းတို့နိုင်ငံအတွင်း ဖြစ်ပွားခဲ့သော ရာဇဝတ်မှုများနှင့် အိန္ဒိယအစိုးရအကြား ဆက်စပ်မှုမရှိတော့ကြောင်း မကြာသေးမီက ထုတ်ဖော်ပြောကြားခဲ့ခြင်းက နှစ်နိုင်ငံကြား ယုံကြည်မှု ပြန်လည်တည်ဆောက်ရာတွင် အထောက်အကူဖြစ်စေခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
