မျက်မှောက်ကာလ အရှေ့အလယ်ပိုင်းရေးရာ
အရှေ့အလယ်ပိုင်း အမေရိကန်မဟာမိတ်နိုင်ငံများရှိ စစ်ရေးပစ်မှတ်များအတွက် ခြိမ်းခြောက်မှုအဖြစ် ထွက်ပေါ်လာသည့် အီရန်၏ ရှာဘတ်ဒရုန်း
အီရန်နိုင်ငံသည် စစ်ပွဲစတင်ပြီးရက်ပိုင်းအတွင်းမှာပင် အမေရိကန်နှင့်အစ္စရေးတို့၏ ဗုံးကြဲတိုက်ခိုက်ခြင်းကို အကြီးအကျယ် ခံခဲ့ရသော်လည်း အီရန်တပ်မတော်အနေဖြင့် ရန်သူကို လက်တုံ့ပြန်ရာတွင် ရန်သူ၏ အင်အားကို ပြုန်းတီးစေသော စစ်ပွဲအသွင်အဖြစ်သို့ ပြောင်းလဲ၍ ဆင်နွှဲလာခဲ့ပြီဖြစ်သည်။
အီရန်နိုင်ငံ၏ လှိုင်းလုံးသဏ္ဌာန် အဆက်မပြတ်ထွက်ပေါ်လာသည့် ဒရုန်းတိုက်ခိုက်မှုများသည် ဒေသတွင်းရှိ ဘာရိန်းနိုင်ငံမှစ၍ အာရပ်စော်ဘွားများပြည်ထောင်စုအထိရှိသော အမေရိကန်၏စစ်ရေးပစ်မှတ်များအပေါ် ဖိအားပေးတိုက်ခိုက်လာခြင်းကြောင့် အဆိုပါပင်လယ်ကွေ့နိုင်ငံများရှိ အမေရိကန်၏ဆက်သွယ်ရေးစွမ်းဆောင်ရည်နှင့် လက်နက်ခဲယမ်း သိုလှောင်မှုများကို လျော့ပါးလာစေလျက်ရှိသည်ဟု ကမ္ဘာကျော်သတင်းစာကြီးတစ်စောင်ဖြစ်သည့် နယူးယောက်တိုင်း သတင်းစာက မတ်လ ၄ ရက်တွင် ဖော်ပြထားသည်။
အီရန်နိုင်ငံသည် ယခုသီတင်းပတ်အစပိုင်းမှစ၍ အရှေ့အလယ်ပိုင်းဒေသတစ်ဝန်းရှိ အမေရိကန်တပ်မတော်၏ ပစ်မှတ်များကို ရှာဘတ်အမျိုးအစား တိုက်ခိုက်ရေးဒရုန်းများနှင့် ခရုဇ်ဒုံးကျည်များဖြင့် ဆက်လက်တိုက်ခိုက်လာခဲ့သည်။ သို့ရာတွင် ပဲ့ထိန်းဒုံးကျည်များနှင့်မတူညီသည့် အချက်မှာ ရှာဘတ်ဒရုန်းသည် ပဲ့ထိန်းဒုံးကျည်များကဲ့သို့ထုတ်လုပ်ရန်နှင့်ဖြန့်ကြက်ရန်အတွက် ကြီးမားလှသည့် အခြေခံအဆောက်အဦများ လိုအပ်ခြင်းမရှိဘဲ ပစ်ကပ်ကားတစ်စီး၏ နောက်ခန်းမှတစ်ဆင့် ရန်သူ၏ပစ်မှတ်များကို ပစ်ခတ်တိုက်ခိုက်ရန်အတွက် လွှတ်တင်နိုင်ခြင်း ဖြစ်သည်။
ထို့ပြင် အီရန်နိုင်ငံသည် အဆိုပါရှာဘတ်ဒရုန်းများကို အကန့်အသတ်မရှိ ဆက်လက် ထုတ်လုပ်ပြီး အသုံးပြု ပစ်ခတ်နိုင်ဖွယ်ရှိသောကြောင့် အမေရိကန်နှင့် မဟာမိတ်နိုင်ငံများအနေဖြင့် အီရန်၏အဆိုပါဒရုန်းတွေကို မပစ်လွှတ်နိုင်မီ ကြိုတင်ဟန့်တားနိုင်စေရန်အတွက် ကြိုးပမ်းမှုများ လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် အီရန်၏ အဆိုပါဒရုန်းများသည် အမေရိကန်စစ်အခြေစိုက်စခန်းများ၊ အမေရိကန်၏ မဟာမိတ်နိုင်ငံများရှိ ရေနံ ထုတ်လုပ်ရေးအခြေခံ အဆောက်အဦများနှင့် အခြားပစ်မှတ်များကို ထိမှန်ခဲ့ခြင်းကြောင့် အမေရိကန်တပ်ဖွဲ့များအနေဖြင့်လည်း အနာဂတ်ကာလတွင် အဆိုပါရှာဘတ်ဒရုန်းများ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရဖွယ်ရှိသည်။
ထို့ကြောင့် အီရန်၏ ရှာဘတ်အမျိုးအစား ဒရုန်းများသည် အမေရိကန်နှင့် မဟာမိတ်နိုင်ငံများအတွက် ထွက်ပေါ်လာသော အဓိကခြိမ်းခြောက်မှုတစ်ခု ဖြစ်လာခဲ့ပြီဖြစ်သည်။ အဆိုပါဒရုန်းများ၏ တိုက်ခိုက်မှုကြောင့် ဘာရိန်းနိုင်ငံရှိ အမေရိကန်အမှတ် (၅) ရေယာဉ်စုအခြေစိုက်စခန်းတွင် ကြီးမားသော မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ဖွယ်ရှိသည့်အပြင် ကူဝိတ်နိုင်ငံရှိ အမေရိကန်ကြည်းတပ်မတော်၏ ထောက်ပံ့ရေးစခန်းတွင်လည်း လူသေဆုံးမှုရှိသော တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့သည်။ ထို့ပြင် ဆော်ဒီအာရေဗျနှင့် ကူဝိတ်နိုင်ငံရှိ အမေရိကန်သံရုံးများကိုလည်း တိုက်ရိုက်ထိမှန်ခဲ့ပြီး ဘာရိန်းနိုင်ငံရှိ အမေရိကန်၏ စစ်အခြေစိုက် စခန်းမှာလည်း ရှာဘတ်ဒရုန်း၏ အကြိမ်ကြိမ် တိုက်ခိုက်မှုကို ခံခဲ့ရသည်ဟုသိရသည်။
ပိုမိုဆိုးရွားသည့်အချက်မှာ အီရန်နိုင်ငံ၏ အဆိုပါဒရုန်းတစ်စင်းသည် ကာတာ နိုင်ငံအတွင်းရှိ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံတန်ဖိုးရှိ ပဲ့ထိန်းဒုံးကျည်များကို ခြေရာခံထောက်လှမ်းနိုင်သည့် AN/FPS-132 အစောပိုင်းသတိပေးရေဒါစနစ်ကို ထိမှန်ခဲ့ခြင်းပင် ဖြစ်သည်။ ထို့ပြင် အီရန်၏ ရှာဘတ်ဒရုန်းများသည် အရှေ့အလယ်ပိုင်းဒေသအနှံ့အပြားရှိ ထိခိုက်လွယ်သော ရေနံနှင့်သဘာဝဓာတ်ငွေ့ အဆောက်အအုံများကိုလည်း စတင်ပစ်မှတ်ထားတိုက်ခိုက်နေခြင်းကြောင့် အမေရိကန်နှင့်နီးစပ်သည့် ဒေသတွင်းမဟာမိတ် နိုင်ငံများအနေဖြင့် ၎င်းတို့၏ ရေနံနှင့်စွမ်းအင်စက်ရုံများကို ရပ်ဆိုင်းခဲ့ရသည်အထိ ခြိမ်းခြောက်လာပြီဖြစ်သည်။
သို့ရာတွင် အမေရိကန်ဒေါ်လာသန်းနှင့် ချီတန်ဖိုးရှိသော ပက်ထရီးယော့ဒုံးကျည် ကာကွယ်ရေးစနစ်နှင့် အမေရိကန်ရေတပ်သုံး စတန်းဒက် ဒုံးကျည်များသည် အီရန်၏ရှာဘတ်ဒရုန်းအား ဟန့်တားကာကွယ်ရာတွင် ထိရောက်မှုရှိသော်လည်း အမေရိကန် တပ်မတော်၌ လက်ဝယ်ရှိနေ သည့်အရေအတွက်မှာ နည်းပါးလျက်ရှိသည်ဟု ဆိုသည်။
အခြားတစ်ဖက်တွင်မူ အီရန်နိုင်ငံအနေဖြင့် ၎င်းတို့၏ ဒရုန်းသိုလှောင်ရုံများတွင် ရှာဘတ်ဒရုန်းများကို အရေအတွက်မည်မျှအထိ သိုလှောင်ထားသည် သို့မဟုတ် အီရန်အနေဖြင့် တစ်လလျှင် အဆိုပါဒရုန်းအရေအတွက် မည်မျှအထိထုတ်လုပ်နိုင်သည်ဆိုသည်ကိုမူ တိတိကျကျမသိရသေးသောကြောင့် အဆိုပါဒရုန်းများသည် အရှေ့အလယ်ပိုင်းနှင့် အမေရိကန်၏ မဟာမိတ်နိုင်ငံများရှိ အမေရိကန်တို့၏ ပစ်မှတ်များအား ဆက်လက်ခြိမ်းခြောက်မည့် အလားအလာရှိကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
Ref: Iv၊ Scmp၊ forbes
MWD

,
,
,
,
,
,