အီရန်စစ်ပွဲသည် အမေရိကန်အတွက် ငွေတွင်းကြီးဖြစ်လာမည်ဟု လင်ဆေး ဂရေဟမ် ဆို

News Image

  • အီရန်စစ်ပွဲသည် အမေရိကန်အတွက် ငွေတွင်းကြီးဖြစ်လာမည်ဟု လင်ဆေး ဂရေဟမ် ဆို

အီရန်အစိုးရကိုဖြုတ်ချနိုင်ခဲ့လျှင် အမေရိကန်သည် ကမ္ဘာ့ရေနံသယံဇာတ၏ သုံးပုံတစ်ပုံနီးပါးကို ထိန်းချုပ်နိုင်မည်ဖြစ်ပြီး စံချိန်တင် အကျိုးအမြတ် များရရှိလိမ့်မည်ဟု သဘောထားတင်းမာသည့် ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် လင်ဆေးဂရေဟမ် (Lindsey Graham) က တနင်္ဂနွေနေ့ (မတ် ၈) တွင် Fox News သို့ ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၂၈ ရက်က စတင်ခဲ့သည့် အမေရိကန်-အစ္စရေး၏ အီရန် အပေါ် စစ်ဆင်ရေးအတွက် ကမ္ဘာ့ရေနံဈေးနှုန်းများ တစ်စည်လျှင် ဒေါ်လာ ၁၀၀ အထက်သို့ မြင့်တက်လာခြင်းမှာ "ပေးဆပ်ရကျိုးနပ်သည့် အလွန် နည်းပါးသော တန်ဖိုးသာဖြစ်သည်" ဟု သမ္မတ ဒေါ်နယ်ထရမ့်က ပယ်ချ ပြောဆိုခဲ့ပြီးနောက် ဂရေဟမ်က ယခုကဲ့သို့ မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။

ဂရေဟမ်က အီရန်အပေါ် တိုက်ခိုက်မှုများအတွက် ကုန်ကျစရိတ်မှာ အကောင်းဆုံးသုံးစွဲလိုက်သည့် ငွေကြေးဖြစ်သည်ဟု ဖော်ပြခဲ့ပြီး အဆိုပါ စစ်ပွဲသည် အီရန်က နျူကလီးယားလက်နက်ထုတ်လုပ်မှုကို တားဆီးရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဆိုသည်။ သို့သော် အီရန်ကမူ ၎င်းတို့၏ နျူကလီးယားအစီအစဉ်မှာ ငြိမ်းချမ်းသော ရည်ရွယ်ချက်သာ ဖြစ်သည်ဟု ကာလရှည်ကြာ ငြင်းဆိုထားသည်။

"ဒီအစိုးရ ပြုတ်ကျသွားသည့်အခါ အရှေ့အလယ်ပိုင်းဒေသသစ်တစ်ခုကို ကျွန်တော်တို့ရရှိမှာဖြစ်ပြီး ငွေတွေအပုံလိုက်ကြီး ရရှိပါလိမ့်မယ် ၊ ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) ကိုလည်း ဘယ်သူမှ တစ်ခါမှထပ်ပြီး ခြိမ်းခြောက်နိုင်တော့မှာ မဟုတ်ပါ" ဟု ဂရေဟမ်က ပြောကြားခဲ့သည်။ ထို့ပြင် အမေရိကန်အနေဖြင့် တီဟီရန်တွင် ၎င်းတို့နှင့်နီးစပ်သော အစိုးရ သစ်တစ်ရပ်ကို တင်မြှောက်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုခဲ့သည်။ “ဗင်နီဇွဲလားနှင့်အီရန်မှာ ကမ္ဘာ့ရေနံအရန်သယံဇာတရဲ့ ၃၁ ရာခိုင်နှုန်း ရှိပါတယ်၊ ကျွန်တော်တို့ဟာ အဲဒီ ၃၁ ရာခိုင်နှုန်းသော ရေနံသယံဇာတတွေနဲ့ မိတ်ဖက်ဖြစ်လာတော့မှာပါ ၊ ဒါဟာ တရုတ်နိုင်ငံ အတွက်တော့ အိပ်မက်ဆိုးပါပဲ ၊ ဒါဟာ ကောင်းမွန်တဲ့ ရင်းနှီးမြှုပ်နှံမှု တစ်ခုပါပဲ” ဟု ဂရေဟမ် (Graham) က ပြောကြားခဲ့သည်။

ဇန်နဝါရီလအစောပိုင်းတွင် အမေရိကန် ကွန်မန်ဒိုများက သမ္မတ နီကိုလပ်စ် မာဒူရို (Nicolas Maduro) ကို ဖမ်းဆီးပြီးနောက် ဝါရှင်တန်သည် ဗင်နီဇွဲလား ၏ ရေနံကဏ္ဍကိုထိန်းချုပ်ရန် ကြိုးပမ်းလျက်ရှိသည်။ စနေနေ့ (မတ် ၇) တွင် သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်းအရိပ်အယောင်ပြခဲ့သည့် ဗင်နီဇွဲလား ယာယီသမ္မတ ဒယ်လ်စီ ရော့ဒရီဂွက်ဇ် (Delcy Rodriguez) ကို တရားဝင် အသိအမှတ်ပြုခဲ့သည်။

အမေရိကန်-အစ္စရေး၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အီရန် က ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) ကို ပိတ်ပစ်ခဲ့ပြီး အရေးပါသော အဆိုပါ သင်္ဘောလမ်းကြောင်းကို ဖြတ်သန်းရန် ကြိုးပမ်းသည့် ရေနံတင်သင်္ဘောများကို တိုက်ခိုက်ခဲ့သဖြင့် ကမ္ဘာ့အရေးပါသော ကုန်သွယ်မှုလမ်းကြောင်းများတွင် အနှောင့်အယှက်များ ပိုမိုဖြစ်ပေါ်စေခဲ့သည်။ ထို့ပြင် အီရန်စစ်တပ်သည် ပင်လယ်ကွေ့နိုင်ငံများရှိ အမေရိကန် အခြေစိုက်စခန်းများကိုလည်း လက်တုံ့ပြန် တိုက်ခိုက်ခဲ့သည်။

တီဟီရန်အစိုးရက ယခုစစ်ပွဲကို အကြောင်းမဲ့ ကျူးကျော်မှုအဖြစ် ပြစ်တင်ရှုတ်ချခဲ့ပြီး ထရမ့်၏ “ခြွင်းချက်မရှိ လက်နက်ချရန်” တောင်းဆိုချက် ကို အညံ့ခံမည်မဟုတ်ကြောင်း ကတိပြု ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂