အီရန်၏ အဓိပတိသစ်နှင့် ရွေးချယ်သူများအားလုံးကို ပစ်မှတ်ထားမည်ဟု IDF သတိပေး
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) သည် အီရန်နိုင်ငံ၏ အဓိပတိဟောင်း အယာတိုလာ အလီ ခါမေနီ၏ နေရာတွင်ဆက်ခံမည့်သူ မည်သူမဆိုကို လုပ်ကြံသတ်ဖြတ်သွားမည်ဟု ပြင်းထန်စွာ သတိပေးချက် ထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်နေ့က အမေရိကန်နှင့် အစ္စရေးတို့ ပူးပေါင်းပြုလုပ်ခဲ့သော လေကြောင်းတိုက်ခိုက်မှုများအတွင်း အယာတိုလာ အလီ ခါမေနီနှင့် အီရန်အကြီးတန်းအရာရှိအချို့ သေဆုံးခဲ့ရသည်။ ထိုသို့ ခေါင်းဆောင်မှုပိုင်း လစ်ဟာသွားပြီးနောက် တစ်ပတ်ကြာ ဆွေးနွေး တိုင်ပင်မှုများ ပြုလုပ်ခဲ့သည့် အီရန်နိုင်ငံ၏ အတိုင်ပင်ခံကောင်စီက ခါမေနီ၏ သားဖြစ်သူ မိုဂျ်တာဘာ (Mojtaba) ကို အဓိပတိသစ်အဖြစ် ရွေးချယ်ကြောင်း တနင်္လာနေ့ (မတ် ၉) တွင် ကြေညာခဲ့သည်။
သို့သော် အဆိုပါကြေညာချက်မထွက်ပေါ်မီ နာရီပိုင်းအလိုကတည်းက IDF က ၎င်းတို့၏ ဖာစီဘာသာစကား လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ပြင်းထန်သော သတိပေးချက်တစ်ခုကို ထုတ်ပြန်ခဲ့သည်။ “အစ္စရေးနိုင်ငံ အနေဖြင့် ခေါင်းဆောင်သစ်အဖြစ် ရွေးချယ်ခံရသူတိုင်းနှင့် ၎င်းကို ခန့်အပ်ရာတွင် ပါဝင်ပတ်သက်သူတိုင်းကို ဆက်လက်လိုက်လံ တိုက်ခိုက်သွားမည်” ဟု IDF က ဖော်ပြခဲ့သည်။ ထို့အပြင် အတိုင်ပင်ခံကောင်စီ၏ အစည်းအဝေးများတွင် တက်ရောက်နေကြသည့် ဘာသာရေးခေါင်းဆောင်များကိုလည်း ပစ်မှတ်ထားရန် တွန့်ဆုတ်မည်မဟုတ်ကြောင်း IDF က ထပ်လောင်း သတိပေးထားသည်။
ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း အစ္စရေးနိုင်ငံသည် ကွမ် (Qom) မြို့ရှိ အီရန်ကျွမ်းကျင်သူများကောင်စီ၏ ရုံးချုပ်ကို လေကြောင်းမှ တိုက်ခိုက်ခဲ့ သော်လည်း ယင်းတိုက်ခိုက်မှုမှာ အဓိပတိသစ်ရွေးချယ်ရေး လုပ်ငန်းစဉ်ကို မရပ်တန့်နိုင်ခဲ့ပေ။ အီရန်နိုင်ငံ၏ ထိပ်တန်းလုံခြုံရေးအရာရှိ အလီ လာရီဂျာနီ (Ali Larijani) က မိုဂျ်တာဘာ ခါမေနီကို ခေါင်းဆောင်သစ်အဖြစ် ခန့်အပ်ခြင်းသည် အလီ ခါမေနီ သေဆုံးမှုကို အခွင့်ကောင်းယူ၍ အီရန်နိုင်ငံအတွင်း မငြိမ်မသက်မှုများဖန်တီးရန် ကြိုးပမ်းခဲ့သည့်အမေရိကန်နှင့် အစ္စရေးတို့၏ လုပ်ရပ်မှာ အောင်မြင်မှုမရှိကြောင်း သက်သေပြလိုက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုတို့က အီရန်တွင် အစိုးရအပြောင်းအလဲဖြစ်ပေါ်ရေးမှာ ၎င်းတို့၏ စစ်ရေးရည်မှန်းချက်များထဲမှ တစ်ခုဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။ သမ္မတထရမ့်က အီရန်အနေဖြင့် "ခြွင်းချက်မရှိ လက်နက်ချ" ရန် တောင်းဆိုထားပြီး တီဟီရန်အစိုးရအနေဖြင့် ၎င်း၏ တောင်းဆိုချက်များကို လိုက်လျောခြင်းမရှိပါက အီရန်၏ ခေါင်းဆောင်သစ် မှာ ရေရှည်တည်တံ့မည်မဟုတ်ဟု ပြင်းထန်စွာ သတိပေးထားသည်။ သို့သော်လည်း အီရန်အရာရှိများနှင့် စစ်ဘက်ဆိုင်ရာတို့ကမူ ၎င်းတို့၏ တုံ့ပြန်တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြတ်ပြတ်သားသား တုံ့ပြန်ထားသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
