အမေရိကန်နှင့် အစ္စရေး သံအမတ်များကိုနှင်ထုတ်ပါက ဟော်မုဇ် ရေလက်ကြားမှ ဖြတ်သန်းခွင့်ပေးမည်ဟု အီရန်ထုတ်ပြန်

News Image

  • အမေရိကန်နှင့် အစ္စရေး သံအမတ်များကိုနှင်ထုတ်ပါက ဟော်မုဇ် ရေလက်ကြားမှ ဖြတ်သန်းခွင့်ပေးမည်ဟု အီရန်ထုတ်ပြန်

အီရန်နိုင်ငံသည် ဟော်မုဇ်ရေလက်ကြားအား ဖြတ်သန်းသွားလာခွင့်နှင့် ပတ်သက်၍ အခြေအနေသစ်တစ်ခုကို ထုတ်ပြန်လိုက်သည်။ အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က မတ်လ ၉ ရက်နေ့တွင် ကြေညာချက်တစ်ခုထုတ်ပြန်ခဲ့ရာတွင် အာရပ်နိုင်ငံများနှင့် ဥရောပနိုင်ငံများ အနေဖြင့် အမေရိကန်နှင့် အစ္စရေးနိုင်ငံတို့နှင့် သံတမန် အဆက်အသွယ် များ ဖြတ်တောက်ရန်နှင့် အီရန်ကိုတိုက်ခိုက်နေသည့် အဆိုပါနှစ်နိုင်ငံမှ သံအမတ်များကို ၎င်းတို့နိုင်ငံများမှ နှင်ထုတ်မည်ဆိုပါက ဟော်မုဇ် ရေလက်ကြားကို "အပြည့်အဝ အခွင့်အရေးနှင့် လွတ်လပ်စွာ" ဖြတ်သန်း ခွင့်ပြုမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ယခုကဲ့သို့ အီရန်၏သတ်မှတ်ချက်များနှင့်ပတ်သက်၍ လက်ရှိအချိန်အထိ မည်သည့်နိုင်ငံကမျှ တရားဝင်မှတ်ချက်ပေးခြင်း မရှိသေးပေ။ အဆိုပါ အာရပ်နှင့် ဥရောပနိုင်ငံအများစုမှာ အမေရိကန်၏ ရင်းနှီးသော မဟာမိတ် နိုင်ငံများဖြစ်ကြသည့်အတွက် အီရန်၏အဆိုပြုချက်အပေါ် မည်ကဲ့သို့ တုံ့ပြန်လာမည်ကို နိုင်ငံတကာက စောင့်ကြည့်လျက်ရှိသည်။

အရှေ့အလယ်ပိုင်းတွင် ပဋိပက္ခများဆက်လက်ဖြစ်ပွားနေချိန်၌ ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်သည့် အီရန်၏သဘောထားများမှာ စိတ်ဝင် စားဖွယ် ဖြစ်ပေါ်လျက်ရှိသည်။ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး Majid Takht-Ravanchi က စစ်ရေးပဋိပက္ခများ ရပ်တန့်ရန် အတွက် အမေရိကန်နှင့် အစ္စရေးတို့ဘက်မှ "နောက်ထပ် ကျူးကျော်မှု များ မလုပ်ဆောင်ရန်" ဆိုသည့် တစ်ခုတည်းသော အခြေအနေကိုသာ တောင်းဆိုထားကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ရုရှား၊ တရုတ်နှင့် ပြင်သစ်နိုင်ငံတို့က တင်းမာမှုများလျော့ကျစေရန် အီရန်ထံ ဆက်သွယ် ထားကြောင်းလည်း ၎င်းက ဆိုသည်။

လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခကြောင့် သင်္ဘောရာပေါင်းများစွာမှာ ဟော်မုဇ်ရေလက်ကြား၏ နှစ်ဖက်စလုံးတွင် ရပ်နားထားရပြီး ရေနံနှင့် သင်္ဘောလုပ်ငန်းရှင်များအနေဖြင့် ရေကြောင်းသွားလာမှု ပြန်လည်စတင်မည့် အရိပ်အယောင်များကို အနီးကပ်စောင့်ကြည့်လျက်ရှိသည်။ ကမ္ဘာ့ရေနံ ထောက်ပံ့မှု၏ ၂၀ ရာခိုင်နှုန်းနီးပါးသည် ၃၄ ကီလိုမီတာခန့်သာကျယ်ဝန်းသော အဆိုပါရေကြောင်းလမ်းမှ ဖြတ်သန်းရခြင်းဖြစ်ရာ ၎င်းမှာ ကမ္ဘာ့စွမ်းအင်ဈေးကွက်အတွက် အလွန်အရေးပါသကဲ့သို့ အန္တရာယ် ကြီးမားသည့် အချက်အချာနေရာတစ်ခုလည်း ဖြစ်သည်။ လက်ရှိ ပဋိပက္ခများကြောင့် ရေကြောင်းသွားလာမှုများမှာ ရပ်တန့်လုနီးပါး ဖြစ်နေပြီး အရှေ့အလယ်ပိုင်း၏ ရေနံထုတ်လုပ်မှု ကျဆင်းခြင်းတို့ကြောင့် ကမ္ဘာ့ ရေနံဈေးနှုန်းများ မြင့်တက်လာခဲ့သည်။

ရေကြောင်းလုံခြုံရေးနှင့်ပတ်သက်၍လည်း အီရန်ဘက်မှ ရှေ့နောက် မညီသောသတင်းစကားများ ထွက်ပေါ်လျက်ရှိသည်။ မတ်လ ၃ ရက်နေ့ က IRGC တပ်မှူး၏ အကြံပေးပုဂ္ဂိုလ် General Ibrahim Jabbari က ရေလက်ကြားကို ပိတ်ထားပြီး ဖြတ်သန်းရန် ကြိုးပမ်းသည့် မည်သည့် သင်္ဘောကိုမဆို တိုက်ခိုက်မည်ဟု ကြေညာခဲ့သော်လည်း နှစ်ရက် အကြာ တွင် IRGC ဒုတပ်မှူးတစ်ဦးကမူ ရေလက်ကြားကို ပိတ်ဆို့ထားခြင်း မရှိဘဲ နိုင်ငံတကာစည်းမျဉ်းများကို လိုက်နာသည့်သင်္ဘောများ ပုံမှန် သွားလာနိုင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ အီရန်နိုင်ငံ၏ အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး Ali Larijani က အမေရိကန်နှင့် အစ္စရေးတို့ကြောင့် ဖြစ်ပေါ်လာသည့်ပဋိပက္ခများ ဆက်လက်ရှိနေသရွေ့ ဟော်မုဇ် ရေလက်ကြား၏လုံခြုံရေးကို အာမခံနိုင်မည်မဟုတ်ကြောင်း သတိပေး ပြောကြား ထားသည်။

စစ်ရေးကျွမ်းကျင်သူများ၏ သုံးသပ်ချက်အရ အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) သည် ပဋိပက္ခစတင်ချိန်မှစ၍ သိသာထင်ရှားသည့် ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသော်လည်း ရေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ရန်နှင့် ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ထားနိုင်သည့် စွမ်းရည် မှာ ရှိနေဆဲဖြစ်သည်။ တစ်ဖက်တွင်လည်း အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် လိုလားသည့်အတိုင်း ရေလက်ကြားအတွင်း အကြီးစား စစ်ရေး အစောင့်အရှောက် (Escort Operation) လုပ်ငန်းစဉ်များကို အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ်သော စစ်ရေးအရင်းအမြစ်များမှာ လက်ရှိ တွင် အမေရိကန်၌ လုံလောက်မှု မရှိသေးကြောင်း သိရှိရသည်။

ကိုးကား- VN Express

Photo: The financial news

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂