ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ရေနံစီးဆင်းမှုကိုနှောင့်ယှက်ဟန့်တားပါက အီရန်အား အဆ ၂၀ ခန့်အထိ တိုးမြှင့်တိုက်ခိုက်မည်ဟု ထရမ့်ပြော

News Image

  • ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ရေနံစီးဆင်းမှုကိုနှောင့်ယှက်ဟန့်တားပါက အီရန်အား အဆ ၂၀ ခန့်အထိ တိုးမြှင့်တိုက်ခိုက်မည်ဟု ထရမ့်ပြော

အီရန်နိုင်ငံအနေဖြင့် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့်   ရေနံစီးဆင်းမှုကို နှောင့်ယှက်ဟန့်တားမည်ဆိုပါက အမေရိကန်က အီရန်အပေါ် တိုက်ခိုက်မှုအဆ ၂၀ ခန့်အထိ တိုးမြှင့်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ  ဒေါ်နယ်ထရမ့်က သတိပေးလိုက်ကြောင်း သိရသည်။

အကယ်၍ အီရန်နိုင်ငံက  ဟော်မုဇ်ရေလက်ကြားအတွင်းရှိ ရေနံစီးဆင်းမှုကို ရပ်တန့်စေမည့် လုပ်ဆောင်ချက်တစ်ရပ်ရပ်ကို လုပ်ဆောင်လာမည် ဆိုပါက လက်ရှိတိုက်ခိုက်မှုပမာဏထက် အဆ ၂၀ ပိုမိုပြင်းထန်သည့်  တိုက်ခိုက်မှုနှင့်ကြုံတွေ့ရမည် ဖြစ်ကြောင်း ထရမ့်က ၎င်း၏လူမှု ကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြသည်။ 

ထို့ပြင် အမေရိကန်အနေဖြင့် အီရန်နိုင်ငံအား နောင်တစ်ချိန်တွင် ပြန်လည်တည်ဆောက်ရန် လုံးဝမဖြစ်နိုင်တော့သည့် အခြေအနေသို့ ရောက်ရှိသွားစေမည့် အခြေအနေသို့ ရောက်ရှိစေရန်အတွက် အလွယ်တကူ ဖျက်ဆီးနိုင်သော ပစ်မှတ်များကို   တိုက်ခိုက်ချေမှုန်း သွားမည်ဖြစ်ကြောင်း  ၎င်းကဆက်လက်ရေးသား၍ သတိပေးထားသည်။

သို့သော် အမေရိကန်အနေဖြင့် ထိုသို့သောအခြေအနေမျိုးအထိဖြစ်လာခြင်းမရှိစေရန် မျှော်လင့်ထားကြောင်း ထရမ့်ကဆက်လက် ပြောကြားထားကြောင်း သိရသည်။ 

အမေရိကန်နှင့်   အစ္စရေးတို့သည် ဖေဖော်ဝါရီလ ၂၈ ရက်တွင် အီရန်နိုင်ငံအပေါ်စစ်ဆင်ရေးစတင်ခဲ့ပြီး  တီဟီရန်မြို့တော်အပါအဝင်  အီရန်မြို့ကြီးများအပေါ်လေကြောင်းမှ    တိုက်ခိုက်ခဲ့သည်။

အဆိုပါတိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အစ္စရေးနိုင်ငံအတွင်းရှိ ပစ်မှတ်များကိုပြန်လည်တိုက်ခိုက်လျက်ရှိသည်ဟု အီရန်တော်လှန်ရေး  အစောင့်တပ်ဖွဲ့ကကြေညာခဲ့သည်။ ထို့ပြင် ဘာရိန်း၊ ဂျော်ဒန်၊ကူဝိတ်၊  ကာတာ၊ ဆော်ဒီအာရေဗျနှင့် အာရပ်စော်ဘွားများပြည်ထောင်စု စသည့်နိုင်ငံများရှိ အမေရိကန်စစ် အခြေစိုက်စခန်းများကိုလည်း အီရန်က နောက်ပိုင်းတွင် ဆက်လက် တိုက်ခိုက်ခဲ့ကြောင်း  သိရသည်။ 

အရှေ့အလယ်ပိုင်းတွင်   ပဋိပက္ခများအရှိန်မြင့်တက်လာချိန်တွင် ကမ္ဘာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ထောက်ပံ့မှု ၂၀ ရာခိုင်နှုန်းခန့် စီးဆင်းရာ လမ်းကြောင်း ဖြစ်သော ဟော်မုဇ်ရေလက်ကြားရှိ  ရေကြောင်းသွားလာမှုမှာ လက်ရှိတွင် ရပ်တန့်လုနီးပါး ဖြစ်လျက်ရှိကြောင်း သိရသည်။

Ref: Ta

MWD