အီရန်နိုင်ငံက တစ်တန်ကျော်အလေးချိန်ရှိ ဒုံးကျည်ထိပ်ဖူးများဖြင့် တိုက်ခိုက်တော့မည်ဟု ကြေညာ
အီရန်နိုင်ငံသည် လက်ရှိဖြစ်ပွားနေသည့် ဒေသတွင်းပဋိပက္ခများအတွင်း မိမိတို့၏ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်သည့်အနေဖြင့် တစ်တန်ကျော်အလေးချိန်ရှိသော ဒုံးကျည်ထိပ်ဖူးများသာ အသုံးပြုတော့မည်ဖြစ်ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ကြေညာလိုက်သည်။
IRGC လေကြောင်းအာကာသတပ်ဖွဲ့ တပ်မှူး ဗိုလ်ချုပ် Majid Mousavi ၏ အဆိုအရ ဤနည်းဗျူဟာအသစ်သည် အမေရိကန်နှင့်အစ္စရေးတို့၏ စခန်းများကို ပစ်မှတ်ထားတိုက်ခိုက်ရာတွင် ပိုမိုပြင်းထန်သော ထိခိုက်မှုများ ဖြစ်ပေါ်စေရန် ရည်ရွယ်ခြင်းဖြစ်သည်။ အီရန်နိုင်ငံ၏ လက်နက်တိုက်တွင် Shahab-3 ၊ Khorramshahr ဒုံးကျည်များနှင့် ၂ ဒသမ ၄ တန် အထိ သယ်ဆောင်နိုင်သော Hoveyzeh ခရုစ်ဒုံးကျည်များ ပါဝင်နေသည့်အတွက် စစ်ရေးကျွမ်းကျင်သူများက ယခုအပြောင်းအလဲသည် ဒေသတွင်း ပျက်စီးဆုံးရှုံးမှုကို ပိုမိုကျယ်ပြန့်စေနိုင်ကြောင်း သတိပေးထားသည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi က အမေရိကန်နှင့် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲများမှာ "ခါးသီးသော သင်ခန်းစာများ" သာ ရရှိခဲ့သည့် အတွက် ဝါရှင်တန်နှင့်ညှိနှိုင်းရန် အစီအစဉ်မရှိတော့ကြောင်း အတည်ပြုပြောကြားခဲ့သည်။ အမေရိကန်အနေဖြင့် နျူကလီးယားကိစ္စကို ငြိမ်းချမ်းစွာ ဖြေရှင်းမည်ဟု ကတိပေးထားသော်လည်း ကြိုတင်တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းအပေါ် ၎င်းက ပြင်းထန်စွာဝေဖန်ခဲ့သည်။
ထို့ပြင် အမေရိကန်၏ အစိုးရအပြောင်းအလဲပြုလုပ်ရန် ကြိုးပမ်းချက်များမှာ ကျရှုံးသွားပြီဖြစ်ကြောင်းနှင့် အမေရိကန်နှင့် အစ္စရေးတို့၏ စစ်ရေး လှုပ်ရှားမှုများမှာ လမ်းပျောက်နေသည့် အစီအစဉ်များသာဖြစ်ကြောင်း ၎င်းက စွပ်စွဲပြောဆိုခဲ့သည်။
လက်ရှိအခြေအနေတွင် အီရန်သည် မိမိကိုယ်ကို ခုခံကာကွယ်သည့် အနေဖြင့် ဒေသတွင်းရှိ အမေရိကန်စခန်းများကို ပစ်မှတ်ထား တုံ့ပြန်သွားရန် အသင့်ရှိနေကြောင်း ထုတ်ဖော်ပြောဆိုထားသည်။ အီရန်၏ လက်နက်များမှာ အမေရိကန်ပြည်မကြီးအထိ မရောက်နိုင်သော်လည်း ဒေသတွင်းရှိ စစ်ရေးနှင့် စွမ်းအင်အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်နိုင်စွမ်းရှိသည့်အတွက် အရှေ့အလယ်ပိုင်းဒေသ၏ တင်းမာမှုမှာ ပိုမိုအန္တရာယ်ကြီးမားလာမည့် အနေအထားတွင် ရှိနေသည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

,
,
,