ရုရှား-အမေရိကန်-ယူကရိန်း သုံးပွင့်ဆိုင်ငြိမ်းချမ်းရေးဆွေးနွေးပွဲ နောက်တစ်ကျော့ လာမည့်သီတင်းပတ်တွင် ပြန်လည်စတင်နိုင်ဖွယ်ရှိ
ရုရှားနှင့် ယူကရိန်းအကြား ပဋိပက္ခကို အဆုံးသတ်ရန်အတွက် အမေရိကန်က ကြားဝင်စေ့စပ်ပေးနေသည့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲအသစ်ကို လာမည့်သီတင်းပတ်အတွင်း ပြန်လည်ကျင်းပနိုင်ဖွယ်ရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အထူးသံတမန် စတိဗ် ဝစ်ကော့ဖ် (Steve Witkoff) က ထုတ်ဖော်ပြောကြားလိုက်သည်။ အဆိုပါ ဆွေးနွေးပွဲကို မူလက မတ်လအစောပိုင်းတွင် အာရပ်စော်ဘွားများ ပြည်ထောင်စု၊ အဘူဒါဘီမြို့၌ ကျင်းပရန် စီစဉ်ထားသော်လည်း အရှေ့ အလယ်ပိုင်းတွင် အမေရိကန်-အစ္စရေး မဟာမိတ်အဖွဲ့နှင့် အီရန်တို့အကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် အစီအစဉ်များ နှောင့်နှေးခဲ့ရခြင်းဖြစ်သည်။
ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီးကလည်း ယခုသီတင်းပတ်အတွင်း ပြုလုပ်ရန်ရှိသော တွေ့ဆုံပွဲကို အမေရိကန်ဘက်က အဆိုပြုချက်ဖြင့် ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပြီး လက်ရှိတွင် ဝါရှင်တန်အနေဖြင့် အီရန်နှင့် ဖြစ်ပွားနေသော ပဋိပက္ခကိုသာ အဓိကအာရုံစိုက်နေရကြောင်း ဆိုသည်။ သို့သော်လည်း အထူးသံတမန် ဝစ်ကော့ဖ်ကမူ ယခုငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ရည်မှန်းချက်ရှိသော ညှိနှိုင်းမှုဖြစ်ပြီး ရှေ့ဆက်သွားမည့် အခြေအနေအပေါ် အပြုသဘောဆောင်သော မျှော်လင့်ချက်ရှိကြောင်း CNBC သတင်းဌာနသို့ ပြောကြားခဲ့သည်။
တစ်ဖက်တွင်လည်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်တို့သည် တနင်္လာနေ့ (မတ် ၉) က ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ်ကာ ယူကရိန်းအရေးနှင့် အရှေ့အလယ်ပိုင်း တင်းမာမှုများကို ဆွေးနွေးခဲ့ကြသည်။ ကရင်မလင်က ထိုဆွေးနွေးမှုကို "အပြု သဘောဆောင်ပြီး ပွင့်လင်းမြင်သာမှုရှိသော ဆွေးနွေးမှု" အဖြစ် ဖော်ပြခဲ့သကဲ့သို့ သမ္မတ ထရမ့်ကလည်း ပူတင်နှင့် အလွန်ကောင်းမွန်သော စကားပြောဆိုမှုရှိခဲ့ကြောင်း အတည်ပြုခဲ့သည်။
လက်ရှိတွင် ရုရှားနှင့် ယူကရိန်းတို့သည် အဘူဒါဘီနှင့် ဂျီနီဗာမြို့များ၌ ဆွေးနွေးပွဲများ ဆက်တိုက်ပြုလုပ်ခဲ့ပြီးနောက် ငြိမ်းချမ်းရေးသဘောတူညီချက်၏ နောက်ဆုံးအဆင့်သို့ ချဉ်းကပ်လာနေပြီဖြစ်သော်လည်း လာမည့်သီတင်းပတ်တွင်ကျင်းပမည့် ဆွေးနွေးပွဲအတွက် ရက်စွဲအတိအကျနှင့် နေရာကိုမူ ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
