ကမ္ဘောဒီးယား၌ဆီပြတ်သည်ဟုဆိုကာဆိုင်ပိတ်သည့် ဆီဆိုင် ၂၀၀၀ ကို အစိုးရကစုံစမ်းစစ်ဆေးမှုပြုလုပ်
အရှေ့အလယ်ပိုင်းဒေသ၌ ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းမြင့်တက်လာပြီးနောက် စက်သုံးဆီ ပြတ်လပ်သည်ဟု ဆိုကာ ဆိုင်ပိတ်ထားသည့် စက်သုံးဆီအရောင်းဆိုင် ၂၀၀၀ ကိုကမ္ဘောဒီးယားအစိုးရ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု တာဝန်ရှိသူတစ်ဦးက မတ်လ ၁၃ ရက်တွင်ပြောသည်။
ကမ္ဘောဒီးယားနိုင်ငံတစ်ဝန်း၌ စက်သုံးဆီအရောင်းဆိုင်စုစုပေါင်း ၆၃၀၀ ရှိသည့်အနက် ပြီးခဲ့သည့်ရက်ပိုင်းတွင် စက်သုံးဆီ အရောင်းဆိုင် ၂၀၀၀ ခန့်မှာ ဆိုင်များကို ပိတ်ထားခြင်း ဖြစ်ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ပန်းဆိုဗီချိကပြောသည်။ ထို့ကြောင့် ယင်းဆိုင်များသည် အမှန်တကယ်စက်သုံးဆီပြတ်လပ်နေခြင်းရှိ၊ မရှိနှင့် နောင်တွင်ဈေးတင်ရောင်းရန် ချန်ထားခြင်းဟုတ်၊ မဟုတ်တို့အား တာဝန်ရှိသူများက စုံစမ်းစစ်ဆေးနေခြင်းဖြစ်ကြောင်း ၎င်းကပြော
သည်။
ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် စက်သုံးဆီပြတ်လပ်မှုနှင့်ရင်ဆိုင်ရနိုင်ခြေမရှိသေးကြောင်း၊ သို့သော်ပြည်သူများအနေဖြင့် စက်သုံးဆီများကို ဝယ်ယူသိုလှောင်ခြင်း မပြုရန်တိုက်တွန်းကြောင်း၊ စက်သုံးဆီဆိုင်များအနေဖြင့် အကြောင်းမဲ့ဆိုင်ပိတ်ပါက ဒဏ်ငွေအပြင် လုပ်ငန်းလိုင်စင်ပိတ်သိမ်းသည်အထိ အရေးယူခြင်းခံရမည် ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ထားသည်။
Ref: ST
MWD
